Live
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် သပိတ်စခန်းဖွင့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်
နော်နိုရင်း
·
May 1, 2018
တပ်မတော်ရဲ့ထိုးစစ်ကြောင့် ပိတ်မိနေတဲ့ ကချင်ပြည်သူတွေ လွတ်မြောက်နိုင်ရေး သပိတ်စခန်းဖွင့် ဆန္ဒပြတဲ့ ကချင်လူငယ်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ပင်တားဆီးနေပါတယ်။ မြန်မာ့တပ်မတော်နဲ့ ကေအိုင်အေတို့အကြား ဖြစ်ပွားတဲ့ တိုက်ပွဲကြားမှာ ပိတ်မိနေတဲ့ ရွာသားတွေကို ကူညီကယ်ထုတ်နိုင်ပေးဖို့ ဧပြီ ၃၀ ရက်နေ့ မနက်က ကချင်လူထု ၅၀၀၀ ကျော်က  မြစ်ကြီးနားမြို့ရှိ မနောကွင်းမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ ဒုက္ခသည်တွေကို မလွတ်လာမချင်း ထိုင်သပိတ် ပြုလုပ်ဆန္ဒပြကြဖို့ ကချင်လူငယ်တွေက စုဝေးရာမှာ အာဏာပိုင်တွေက ခွင့်မပြုဘူးဆိုပြီး တားဆီးနေတယ်လို့ သပိတ်ခေါင်းဆောင် ဦးလွမ်းဇောင်းက ပြောပါတယ်။ “အခုလောလောဆယ်က ရဲတွေက ကျနော်တို့ကို ဝိုင်းထားတယ်။ အုပ်စုလိုက် ကျနော်တို့ကို သုံးလေးနေရာ စောင့်ထားတာပေါ့နော်။ ကျနော်တို့ ဦးဆောင်ကော်မတီတချို့ကို ရဲစခန်းကို ခေါ်ပြီး အခုညှိနှိုင်းနေပါတယ်။ ” ဒီထိုင်သပိတ်ကို မြစ်ကြီးနားမြို့၊ အ.ထ.က ၁ နဲ့ အ.ထ.က ၈ အကြားမှာရှိတဲ့ လမ်းမပေါ်မှာ  လုပ်ဆောင်တာဖြစ်ပြီး အခုလိုတားမြစ်နေပေမယ့် ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ “မနက်ကတော့ ကျနော်တို့ လူထုအင်အားနဲ့ ဆန္ဒပြတာဖြစ်ပါတယ်။ ညနေပိုင်းမှာ ကျနော်တို့ သပိတ်စခန်းဖွင့်ပြီးမှ ကျနော်တို့ ကချင်လူငယ်ထုတွေ ပူးပေါင်းပါဝင်ပြီးမှ ကျနော်တို့ စတင်တာ။ တိုက်ပွဲထဲမှာ ပိတ်မိနေတဲ့ ကချင်ပြည်သူတွေ မလွတ်မြောက်မချင်း  ကျနော်တို့က တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ ဒီမှာအတူတကွ ဆုတောင်းကြမယ်။ တိုက်ပွဲမှာ ပိတ်မိနေတဲ့ ပြည်သူတွေကို အမြန်ဆုံး လွတ်မြောက်ပေးပါဆိုပြီး ပိုစတာတွေ ကိုင်ဆောင်ပြီးမှ ကျနော်တို့ ဆန္ဒထုတ်ဖော်တာပေါ့နော်။ ကျနော်တို့ကတော့ ဒါကို တိုက်ပွဲဝင် တောင်းဆိုသွားမှာပဲ။ ခွင့်ပြု၊ မပြု ကျနော်တို့က လုပ်သွားမှာပဲ။ ဖြစ်လာရင်တော့ အစိုးရက တာဝန်ယူ တာဝန်ခံရမယ်။  တနိုင်ငံလုံးက လူငယ်ထုတွေ ပါဝင်လာနိုင်တယ် ” ဧပြီ ၁၁ ရက်ကနေ ၂၈ ရက်အထိ  မြန်မာတပ်မတော်က ကေအိုင်အေကို အပြင်းအထန် ထိုးစစ်ဆင်မှုကြောင့် တနိုင်းမြို့နယ် အောင်လောဒ်ကျေးရွာ၊ ကာမိုင်းမြို့နယ် မန်ဝိုင်၊ လိုင်နောင်ခူး ကျေးရွာ၊ နမ္မတီးမြို့နယ် ကဆုန့်ကျေးရွာ၊ အင်ဂျန်းယန်မြို့နယ်၊ ချီဖွေမြို့နယ် ဇန်နောင်ယန် ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး တောထဲ ပိတ်မိနေဆဲ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024