ထိန်ပင်အမှိုက်ပုံမီးလောင်ပြင်ဇုန်Bကို လူအင်အားစက်အင်အားသုံးပြီး ဆက်လက်ငြှိမ်းသတ်နေ
အာကာ
·
April 30, 2018
ဇုန် ၄ ဇုန်ခွဲပြီး ငြှိမ်းသတ်နေတဲ့ ရန်ကုန်လှိုင်သာယာ ထိန်ပင်အမှိုက်ပုံရဲ့ အခက်ခဲဆုံးဇုန်လို့ သတ်မှတ်ထားတဲ့ ဇုန်Bကို လူအင်အားစက်အင်အားတွေသုံးပြီး ဆက်လက်ငြှိမ်းသတ်နေပါတယ်။
ထိန်ပင်အမှိုက်ပုံကို ဧပြီ ၂၉ ရက်နေ့က စပြီး ဇုန် A.B.C.D ဆိုပြီး ၄ ဇုန်ခွဲကာ ငြှိမ်းသတ်နေတာပါ။
မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်ဦးမြတ်သူက “မနေ့က ဇုန် A ကို အပြတ်ဖြတ်နိုင်ခဲ့တယ်။ ဒီနေ့ ဇုန် B ကတော့ ဇုန် ၄ ခုမှာ အခက်ဆုံးအနေထားရှိပါတယ်။ အမှိုက်ပုံတွေက တောင်လိုဖြစ်နေတာပါ။ ဒါကို ဘတ်ဟိုးတွေနဲ့ထိုး ရေနဲ့ငြှိမ်း အဲလို လုပ်နေ ပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။
မီးငြှိမ်းသတ်နေတဲ့ ရဲဘော်တွေအတွက် မီးသတ်နဲ့ စည်ပင်က မီးလောင်ပြင်အရောက် ရေနဲ့ အစားအစာတွေကိုလဲ လိုက်လံပို့ဆောင်ပေးနေပါတယ်။
ထိန်ပင်အမှိုက်ပုံကို ဇုန် ၄ ဇုန်ခွဲပြီး ၄ ရက်နဲ့အပြီး ငြှိမ်းသတ်သွားမယ်လို့ ဒုညွှန်ချုပ်က ဒီဗွီဘီကိုပြောထားပါတယ်။
သတင်း၊ ဓာတ်ပုံ - အာကာ/ကိုကိုကြည်