ဒလမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းနေ
DVB
·
June 15, 2012
ရန်ကုန်တိုင်း ဒလမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသစရိတ်ကြီးမြင့်ပြီး ဆရာဝန်တွေအနေနဲ့ လူနာတွေကို စောင့်ရှောက်မှုအပိုင်း အားနည်းတာတွေကြောင့် အခြေခံ လူတန်းစားတွေအနေနဲ့  ဒီဆေးရုံမှာ ဆေးကုသဖို့ အခက်တွေ့နေရပါတယ်။
ဆေးရုံမှာ ဆေးပစ္စည်း ကိရိယာတွေသာမက ဆရာဝန်၊ သူနာပြု စတဲ့ဆေး ၀န်ထမ်းတွေ ရဲ့ စောင့်ရှောက်မှု အားနည်းတာကြောင့် လူနာတွေ ပိုပြီးဒုက္ခရောက်နေတဲ့အကြောင်းနဲ့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဝမ်းရောဂါနဲ့ ရောက်လာတဲ့ ကလေးတယောက်ကို အချိန်မီ ကုသမပေးတဲ့အတွက် အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရတယ်လို့  သေဆုံးသွားတဲ့ ကလေးရဲ့မိခင်က ပြောပါတယ်။
အခုလို ဝမ်းရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ မြို့နယ်အလိုက် ပြည်သူ့ဆေးရုံတွေအနေနဲ့ ထိထိရောက်ရောက် ဝိုင်းဝန်းဆောင်ရွက်ပေးမှ အသေအပျောက် နည်းမှာဖြစ်ပြီး ဆေးဖိုး မတတ်နိုင်သူ ငွေကြေးချို့တဲ့သူတွေအနေနဲ့ အခုလို ဝမ်းရောဂါဖြစ်တဲ့ ရာသီမှာ ဆေးရုံပြဖို့ အခက်အခဲ ရှိနေတယ်လို့ ဒေသခံ တဦးက ပြောပါတယ်။ ဒလမြို့နယ်ဟာ ရေရှားပါးတဲ့ ဒေသဖြစ်တာကြောင့် ကန်ရေကို အားထားသုံးရတဲ့ မြို့နယ် ဖြစ်ပါတယ်။
နွေရာသီမှာ ရေကန်တွေခန်းခြောက်ပြီး မသန့်ရှင်းတဲ့ (မြောင်းရေ) တွေကို သုံးစွဲရတဲ့အတွက် ကျန်းမာရေး ထိခိုက်ပါတယ်။ နှစ်စဉ် ဒလမြို့နယ်မှာ ဝမ်းရောဂါဖြစ်ပွားလေ့ရှိပြီး အခုနှစ်မှာတော့ ဆေးခန်းတွေမှာ ဝမ်းရောဂါပိုးတွေ့ရတဲ့ လူနာအယောက် ၁၀၀ ကျော်သွားပြီလို့ အမည်မဖော်လိုတဲ့ ဒလမြို့နယ်က ဆရာဝန်တဦးက ပြောပါတယ်။
အစိုးရအနေနဲ့ ကျန်းမာရေး ဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲတယ်ဆိုပေမယ့် ကျန်းမာရေးဆိုင်ရာ ကဏ္ဍ အသီးသီးမှာ လိုအပ်ချက်တွေ ရှိနေပါသေးတယ်။