ထိန်ပင်အမှိုက်ပုံမီးကို ၄ ရက်ဖြင့် အပြီးငြှိမ်းသတ်မည်ဟု မီးသတ်ဦးစီးဌာန ပြော
DVB
·
April 29, 2018
ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ လောင်ကျွမ်းနေတဲ့ ထိန်ပင်အမှိုက်ပုံမီးကို ၄ ရက်နဲ့ အပြီးငြှိမ်းသတ်သွားမယ်လို့ မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက ဒီဗွီဘီကို ပြောပါတယ်။
ထိန်ပင်အမှိုက်ပုံမီးကို ဒီနေ့ ဧပြီ ၂၉ ရက်နေ့က စပြီး ဇုန် A,B,C,D လို့ ၄ ဇုန်ခွဲပြီး စတင်ငြှိမ်းသတ်နေပါတယ်။
ဦးမြတ်သူက “တရက်ကို ဇုန်တခု သတ်မှတ်ထားတယ်။ ဒီနေ့ ဇုန် A ကို စငြှိမ်းနေပါပြီ။ ၄ ရက်နဲ့ အပြီးငြိမ်းအောင် ဆောင်ရွက်နေပါတယ်။ မီးခိုးပါအပြတ်ပါ” လို့ ပြောပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံက ဝယ်ယူထားတဲ့ Bio Foam ကိုလည်း ဆက်လက် အသုံးပြုငြှိမ်းသတ်နေတာပါ။
“Bio Foam နဲ့ ငြှိမ်းတဲ့နေရာတွေက မီးပြန်မလောင်ဘူး။ ဒါပေမယ့် ဈေးကြီးတယ်။ ဆက်တော့သုံးနေပါတယ်” လို့ ဆိုပါတယ်။
ဇုန်တဇုန်ကို မီးသတ်ပိုက် ၁၀ ချောင်း၊ တချောင်းကို လူ ၇ ယောက်နဲ့ငြှိမ်းသတ်နေတယ်လို့ သိရပါတယ်။ ထိန်ပင်အမှိုက်ပုံဟာ ဧပြီ ၂၁ ရက်က စတင်မီးလောင်ကျွမ်းခဲ့တာလည်း ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ-အာကာ၊ ကိုကိုကြည်