Home
မြန်မာသတင်း
ရေးမြို့တွင် နေ့စဉ်စွန့်ပစ်သည့်အမှိုက်များအတွက် မြေနေရာ အရေးတကြီး လိုအပ်နေ
DVB
·
April 29, 2018
  မွန်ပြည်နယ်၊ ရေးမြို့မှာ အမှိုက်စွန့်ပစ်ရန်အတွက် သီးခြားမြေနေရာမရှိသေးဘဲ နေ့စဉ်ထွက်ရှိနေတဲ့ အမှိုက်တွေကို စွန့်ပစ်ဖို့ မြေနေရာအရေးတကြီး လိုအပ်နေပါတယ်။ ရေးမြို့နယ်စည်ပင်က ယခင်စွန့်ပစ်နေတဲ့ မြို့အနီး အဘော်လေယာဉ်ကွင်းဟောင်းနေရာမှာ အခုအခါ ဓာတ်အားခွဲရုံဆောက်လုပ်ဖို့ မြေနေရာသတ်မှတ်လိုက်ပြီဖြစ်ပြီး လက်ရှိစွန့်ပစ်နေတဲ့မြေကွက်မှာလည်း မသင့်တော်တဲ့အနေအထားတခုဖြစ်နေတာကြောင့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်အပါအ၀င် သက်ဆိုင်ရာဌာနတွေက မြေနေရာကို အရေးတကြီး ရှာဖွေနေကြတာပါ။ ရေးမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက ''ရေးက နေ့စဉ်ထွက်နေတဲ့ အမှိုက်တွေ စွန့်ပစ်ဖို့ အမှိုက်စွန့်မြေတနေရာ အရေးတကြီး လိုအပ်နေပါတယ်။ ယာယီပစ်နေတဲ့ မြေကွက်လေးက ကျဉ်းလွန်းပြီးတော့ ဂက်စ်ပိုက်လိုင်းနဲ့နီးလွန်းတော့ အန္တရာယ်ရှိပါတယ်။ လူနေရပ်ကွက်နဲ့ မနီးကပ်ပဲ မြေအကျယ် အနည်းဆုံး ၅ ဧကလောက်ရှိတဲ့ မြေလွတ်ဖြစ်စေ၊ မြေဈေးမကြီးတဲ့နေရာမှာ ဝယ်ယူလို့ဖြစ်စေ မဖြစ်မနေဖြေရှင်းရမယ့် အခြေရောက်နေပြီ'' လို့ ပြောပါတယ်။ မြို့နယ်စည်ပင်ရဲ့ မှတ်တမ်းတွေအရ ရေးမြို့ရဲ့တစ်လထွက်ရှိတဲ့ အမှိုက်တန်ချိန်မှာ တန် ၉၀ လောက်ရှိပြီး နေ့စဉ်အမှိုက်ကား လာရောက်နိုင်မှုမရှိတာနဲ့ အမှိုက်စွန့်နေရာ သီးခြားမရှိတဲ့အတွက် မြစ်ချောင်းတွေနဲ့ မြို့အတွင်းရှိ မြေလွတ်အချို့မှာ စည်းကမ်းမဲ့ လာရောက်စွန့်ပစ်မှုတွေလည်း ရှိနေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ ''မြို့နယ်နဲ့ ပြည်နယ်စည်ပင်ကို မေးခွန်းထုတ်ချင်တယ်။ မြို့နယ်မှာ အမှိုက်ပစ်ဖို့ အခက်အခဲဖြစ်နေတာ အားလုံးအသိပါ။ ဒါက စည်ပင်ရဲ့တာဝန်ပါပဲ။ အမြန်ဖန်တီးပေးဖို့ တိုက်တွန်းလိုပါတယ်။ ပြည်နယ်ဘတ်ဂျက်၊ ဒါမှမဟုတ် ဒေသမှာရှိတဲ့ မြေလွတ်မြေရိုင်းကို လုပ်သင့်ပါတယ်။ လက်ရှိပစ်သမျှ အမှိုက်တွေအားလုံး စွန့်ပစ်စုံပုံခြင်းက နေရာအနှံ့ ရှိနေသေးသလို စနစ်တကျမရှိသေးဘူး၊ ဒီအပေါ်စိုးရိမ်တယ်၊ ရန်ကုန်လိုဖြစ်စဉ်မျိုး ပြစရာအကြောင်းရှိတယ်၊ ကြုံရာပုံနေတဲ့အနေအထားပါ။ နောက်ပြီးတော့ စွန့်ပစ်တဲ့အမှိုက်တွေ စနစ်တကျဖျက်ဆီးမှုလည်း လိုအပ်ပါမယ်'' လို့ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက ဒီဗွီဘီကို မှတ်ချက်ပြုပါတယ်။ သတင်း/ဓါတ်ပုံ - ၀င်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024