မော်စကို ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ဆေးခန်းတွင် လူနာများ အဆိပ်သင့် သေဆုံး

ရုရှားနိုင်ငံ မော်စကိုမြို့ အထက်တန်းလွှာ ပလတ်စတစ်ဆာဂျရီခွဲစိတ်ဆေးခန်းတခုမှာ အမျိုးသမီးလူနာတွေ ရည်ရွယ်ချက်ရှိရှိ အသတ်ခံနေရတယ်လို့ ပြောဆိုနေကြတာကြောင့် စုံစမ်းစစ်ဆေးမှုတခု လုပ်ဆောင်ခဲ့ပါတယ်။ သံသယဖြစ်ဖွယ်အခြေအနေနဲ့ အမျိုးသမီးလူနာ ၃ ဦး မကြာသေးခင်က သေဆုံးခဲ့ပြီး နောက်ထပ် ၃ ဦးကတော့ ခွဲစိတ်စဉ် မသင့်တော်တဲ့ ဆေးဝါးတွေ တိုက်ကျွေးမှုကနေ အဆိပ်သင့်ပြီး အခြေအနေဆိုးရွားနေပါတယ်။ အလားတူ ဆေးခန်းတခုမှာလည်း ဒီအပတ်ထဲ အမျိုးသမီးတဦး ရင်သားခွဲစိတ်လို့ သေဆုံးခဲ့တာကြောင့် သီးခြားရာဇဝတ်မှု စုံစမ်းရေးတခု လုပ်ဆောင်နေပါတယ်။ ဒီအပတ်ထဲမှာ သေဆုံးသူ အမျိုးသမီးလူနာတွေကတော့ နှာခေါင်းခွဲစိတ်ပြုပြင်သူ အသက် ၂၉ နှစ်အရွယ် မာရီနာကက်ရှ်ခိုဗာဖြစ်ပြီး ခွဲစိတ်ပြီးတဲ့နောက် ကိုးမားရောဂါ ခံစားရပြီး သေဆုံးခဲ့တာပါ။ ဒီလအစောပိုင်းမှာလည်း အဲ့ဒီ မက်ဒ်လွန့်ခ်ျ (MedLounge) ခွဲစိတ်ဆေးခန်းမှာပဲ အသက် ၄၁ နှစ်အရွယ် ကနေဒါအမျိုးသမီး ရုရှားမြို့တော်ကို လာပြီး ရင်သားခွဲစိတ်ကုသလို့ သေဆုံးခဲ့ပါတယ်။ နောက်အမည်မဖော်ပြတဲ့ အမျိုးသမီးကတော့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်မှုအပြီးမှာ သေဆုံးခဲ့တာလို့ သိရပါတယ်။ ဒီအပတ်ထဲမှာ ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ အမျိုးသမီးတွေကတော့ ဆိုးရွားတဲ့အခြေအနေ တွေ့ကြုံနေရတယ်လို့ ဥပဒေကြောင်းဆိုင်ရာ သတင်းအရင်းအမြစ်တွေက အတည်ပြုခဲ့ပါတယ်။ ဧပြီ ၂၃ ရက်နေ့မှာ အသက် ၃၇ နှစ်အရွယ် ယူလီယာဆိုတဲ့ အမျိုးသမီး၊ ဆဗက်လာနာဆိုတဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသမီး၊ အသက် ၅၄ နှစ်အရွယ် နာတယ်ယာဆိုတဲ့ အမျိုးသမီးတို့ ပလတ်စတစ်ဆာဂျရီ ခွဲစိတ်ရာကနေ အဆိပ်သင့် ဝေဒနာတွေ ခံစားခဲ့ရတာပါ။ မက်လွန်ခ်ျက သူနာပြုတယောက်ဟာ လူနာတွေ အဆိပ်သင့်မှုအတွက် တာဝန်ရှိတယ်လို့ ရာဇဝတ်မှုစုံစမ်းရေး အရာရှိတွေက ပြောလိုက်ကြောင်း ဗက်စတီ တီဗီသတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုအကြီးအကဲဖြစ်သူ မာရက်တမ်ဘီက “အမျိုးသမီးက ရက်ရက်စက်စက် ပြုမူတတ်တဲ့အဆင့်ရှိ စိတ်ရောဂါရှိနေတယ်။ ဒါက ဘာမှ အပြစ်မရှိတဲ့လူတွေကို ဒီလို အကြောင်းပြချက်မရှိ ရက်စက်တဲ့သဘောထားတွေ ဖြစ်သွားစေတာ၊ ဒါက ဆေးတွေကို အစားထိုးလိုက်တာ ဒါမှမဟုတ် ဆေးထိုးလိုက်ရာကနေ ဒီလို အကျိုးဆက်တွေ ဖြစ်ကုန်တာ” လို့ ပြောပါတယ်။ စုံစမ်းရေးအရာရှိတွေက ဆရာဝန်တွေနဲ့ သူနာပြုတွေရဲ့ အိမ်တွေကိုလည်း ရှာဖွေခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ လူနာတွေ သေဆုံးမှု၊ ပြင်းထန်တဲ့ ရောဂါဝေဒနာခံစားရမှုနဲ့ ဆက်စပ်မှုရှိတဲ့ စာရွက်စာတမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။ အခြားလူကုန်တန် အလှအပပြုပြင် ခွဲစိတ်ဆေးခန်းတခုဖြစ်တဲ့ ထရိုင်ရမ့်ပ်ပဲလေ့စ်ဆေးခန်းကိုလည်း သီးခြားစုံစမ်းမှု လုပ်နေတယ်လို့ သိရပါတယ်။ ဒီအပတ်ထဲမှာ ရုရှားအမျိုးသမီးတဦးဟာ သမီးဖြစ်သူ ရင်သားခွဲစိတ်ရာကနေ သေဆုံးသွားလို့ ၆ နှစ်ကြာ တရားရင်ဆိုင်ပြီးတဲ့နောက် တာဝန်ရှိ ဆေးဝန်ထမ်း ၂ ဦးကို ထောင်ဒဏ် ၂ နှစ်စီ ချမှတ်နိုင်ခဲ့ပြီး ဆေးကုသခွဲစိတ်ခွင့် ၃ နှစ် ပိတ်ခံရတယ်လို့ မေရာသတင်းမှာ ဧပြီလ ၂၇ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up