Home
မြန်မာသတင်း
အောင်စိန်ချည်မျှင်စက်ရုံက ဆန္ဒပြအလုပ်သမားခေါင်းဆောင် ၁၀ ဦး အလုပ်ထုတ်ခံရ
DVB
·
June 15, 2012
မန္တလေးမြို့မှာရှိတဲ့ အောင်စိန် ချည်မျှင်နဲ့ အထည်ဆိုးဆေး စက်ရုံက အလုပ်သမားတွေ ရဲ့ တောင်းဆိုချက်တွေကို ပိုင်ရှင်က သဘောတူညီခဲ့ပေမယ့် ၅ ရက်အကြာမှာ တောင်းဆိုဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ အလုပ်သမား ၁၀ ဦးကို အလုပ်ထုတ်လိုက်ပါတယ်။ အောင်စိန်ချည်မျှင်နဲ့ ဆိုးဆေးစက်ရုံမှာ လုပ်ခလစာ အပါအ၀င် အလုပ်ချိန် သတ်မှတ်ပေးဖို့ အလုပ်သမား အခွင့်အရေး တောင်းဆိုချက်တွေကို သဘောတူညီခဲ့ပေမယ့် ဇွန် ၁၃ ရက်နေ့ မနက်က ဆန္ဒဖော်ထုတ်မှုမှာ ဦးဆောင်ခဲ့တဲ့ ၀န်ထမ်း ၁၀ ဦး အလုပ်ဆင်းဖို့ လာတဲ့အချိန်မှာ အလုပ်ခွင်အ၀င် လက်မှတ်ထိုးပြီးမှ စက်ရုံထဲကို ၀င်ခွင့်မပေးတော့တာပါ။ အလုပ်သမားခေါင်းဆောင်တဦးက “ကျနော်တို့က အလုပ်သမား စည်းမျဉ်းဥပဒေတွေ ချိုးဖောက်တာလည်း မရှိဘူး။ ကျနော်တို့ ဆန္ဒ ထုတ်ဖော်တောင်းဆိုတဲ့ အချိန်က စပြီး သူဌေးက အောက်လမ်းနည်း သုံးပြီး ကျနော်တို့ကို ခုလို ပထုတ်တာပေါ့နော်။ အဲလိုမျိုးဖြစ်တဲ့ကိစ္စကို ကျနော်တို့ အလုပ်သမားရုံးကို သွားတယ်။ သွားတဲ့အခါမှာ အလုပ်သမားရုံးက ညှိနှိုင်းတိုင်ပင်ရေးအဖွဲ့နဲ့ သူဌေးနဲ့ ဆွေးနွေးကြတယ်ပေါ့နော်။ ပြီးတော့ ကျနော်တို့ကို သူဌေးနဲ့ပြန်ပြီးတော့ ညှိလိုက်ပါဦးပေါ့နော်။ အခု ကျနော်တို့ ပြန်နေကြတယ်။ ခု သူဌေးက ကျနော်တို့ကို နေ့လယ် ၁ နာရီကျော်ကတည်းက စက်ရုံအပြင်မှာ ထားတယ်။ သူဌေးက ခု ကျနော်တို့ကို ထုတ်စာရိုက်နေတယ်။ ထုတ်စာက မပြီးသေးဘူး ခဏစောင့်ပါဦးလို့ ပြောနေတယ်။” နေ့လယ် ၁ နာရီခွဲလောက်မှာ စက်ရုံတွင်းခေါ်ယူပြီး လုပ်ငန်းခွင် စည်းကမ်းများ လိုက်နာမှု မရှိဘူးဆိုတဲ့ အကြောင်းပြချက်တွေနဲ့ လုပ်ငန်းတာဝန်ကနေ ရပ်နားလိုက်ကြောင်း စာရွက် တရွက်ကို ထုတ်ပေးခဲ့တာပါ။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအနေနဲ့ မန္တလေးတိုင်း အလုပ်သမား ၀န်ကြီးဌာန မြို့နယ် ဖျန်ဖြေရေး အဖွဲ့တွေနဲ့ ဆက်လက်ဆွေးနွေးပြီး စက်ရုံတွင်းက နေထိုင်စားသောက်မှု မပြည့်စုံတဲ့ အခြေအနေတွေကို တင်ပြထားတယ်လို့ ပြောပါတယ်။ “ကျနော်တို့ ဆိုးဆေးဌာနဆိုတာ ရှိပါတယ်။ ဆိုးဆေးမှာ ဓာတုပစ္စည်းများ ပါပါတယ်။ အဲဒီက ထွက်တဲ့ရေ အက်ဆစ်ပါတဲ့ chemical တွေ ပါတဲ့ရေကို ကျနော်တို့ သောက်ရပါတယ်။ ကျနော်တို့ စက်ရုံတရုံလုံး သောက်ရတာပါ။ ကျနော်တို့ရဲ့ လူ့အခွင့်အရေးတွေ အဲလောက်တောင်ပဲ ဆုံးရှုံးနေပြီလား။ ဆက်လက်ပြီးလည်း တာဝန်ရှိတဲ့ အလုပ်သမားအဖွဲ့အစည်း အဆင့်ဆင့်ကို တင်သွားမယ်။” အောင်စိန် ချည်မျှင်နဲ့ အထည်ဆိုးဆေးစက်ရုံမှာ ဇွန် ၈ ရက်နေ့ မနက်ပိုင်းက အလုပ်သမား ၉၀၀ ရှိတဲ့အနက် ၆၀၀ ကျော်က လုပ်ခလစာ နဲ့ အလုပ်ချိန် သတ်မှတ်မှုအပါအ၀င် အချက် ၆ ချက် တောင်းဆိုခဲ့ရာ ညနေပိုင်းမှာပဲ အလုပ်သမားဝန်ကြီးဌာန မြို့နယ် ဖျန်ဖြေရေးအဖွဲ့တွေ လာရောက် ညှိနှိုင်းပေးခဲ့တဲ့အတွက် အလုပ်ရှင်က တောင်းဆိုချက် ၆ ချက်စလုံးကို သဘောတူညီခဲ့တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024