တန့်ဆည် ပုတီကျေးရွာ ဆေးပေးခန်း အမြန်ဆုံးပြုပြင်ပေးရန် ဒေသခံများ လိုလား

ပုတီးကျေးရွာမှာ လေပြင်းကြောင့် ပျက်စီးသွားတဲ့ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦ ပျက်စီးသွားလို့ ကုသရေးအပိုင်းမှာ အခက်ခဲ ကြုံနေရတာကြောင့် အမြန်ဆုံးပြုပြင်ပေးဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနအဆောက်အဦမှာ ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့ ည ၈ နာရီခွဲဝန်းကျင်မှာ လေပြင်းတိုက်ခတ်မှုကြောင့် အမိုး၊ မျက်နှာကျက်နဲ့ ကြွေပြားတွေ ပျက်စီးခဲ့တာပါ။ ပုတီးကျေးလက်ကျန်းမာရေးဌာနကို ၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး RHC အဆင့် ကျန်းမာရေးဌာနဖြစ်ပါတယ်။ ကျန်းမာရေးမှူး၊ ကျန်းမာရေးကြီးကြပ်အပါအဝင် သားဖွားဆရာမ ၂ ဦး စတဲ့ ဝန်ထမ်း ၄ ဦးက နနွင်းတောရွာ၊ သာဂေါင်ကြီးရွာ၊ ခရုတောရွာ ချောင်းဆုံးရွာ စတဲ့ ကျေးရွာတွေက အိမ်ခြေ ၁၁၀၀ လောက်နဲ့ လူဦးရေ ၅၅၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။ ဆေးခန်းအဆောက်အဦကတော့ ၁၂ ပေ ၃ ခန်းပတ်လည်ရှိပြီး အခုအချိန်ထိ မည်သူကမှ လာရောက်ပြုပြင်တာ မရှိသေးလို့ ကုသရေးအပိုင်းအပါအဝင် နေထိုင်ရေးအပိုင်းပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တာဝန်ကျဆရာမက ပြောပါတယ်။ “၂၃ ရက်နေ့က မြို့နယ်ဝန်ကြီး ဦးစိန်ပို လာရောက်ကြည့်ရှုပါတယ်။ ဘက်ဂျက်က ဘယ်အချိန်မှ ကျမလည်း မသိဘူး။ ဆေးခန်းထဲကတော့ ဆရာမတွေ ရှင်းလို့ရသလောက်တော့ ရှင်းထားပြီးပြီ။ အခုဟာ အမိုးတွေ ဘာတွေက ဆရာမတွေမှ မလုပ်တတ်တာကို။ အခုအချိန်မှာ ဆေးခန်း မလုံခြုံတဲ့အတွက်ကြောင့် ဆေးကုသရာမှာလည်း အဆင်မပြေသလို မွေးလူနာတွေလည်း မီးဖွားဖို့ အဆင်မပြေဖြစ်နေတယ်” လို့ သားဖွားဆရာမ ဒေါ်တင်သီအောင် က ပြောပါတယ်။ ဒေသခံ ဦးဝင်းမင်းသန့်က “မြို့နယ်ဆရာဝန်ကြီးက ကျေးရွာအုပ်ချုပ်ရေးမှူးးနဲ့ ဆေးခန်းကော်မတီတွေကို ရှင်းလင်းပေးဖို့ အကူအညီတောင်းထားခဲ့ပေမယ့် ဒီနေ့အချိန်အထိ လာမရှင်းပေးသလို ဘယ်သူမှလည်း မလာတော့ဘူး။ မိုးရွာလာရင် ပိုပြီးပျက်စီးတော့မှာ။ ကုမ္ပဏီက ခေါင်အမိုးတွေမှာ တည်ရုံလောက်တည်တဲ့ သဘောမျိုးကြောင့် ခိုင်ခန့်ခြင်း မရှိဘူး” လို့ ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up