မွတ်ဆလင်နှင့် ရခိုင်ခေါင်းဆောင်များကို အမေရိကန်သံရုံးက ဖိတ်ကြားမေးမြန်း
အေးနိုင်
·
June 14, 2012
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့ အမေရိကန် သံရုံး တာဝန်ရှိသူတွေက အစ္စလာမ်ဘာသာရေးခေါင်းဆောင်တွေကို ဒီနေ့ဖိတ်ကြားတွေ့ဆုံမေးမြန်းသလို ရခိုင်တိုင်းရင်းသားများတိုးတက်ရေး ပါတီက ခေါင်းဆောင်တွေကိုလည်း သီးခြားဖိတ်ကြားမေးမြန်း ပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးက တာဝန်ရှိသူ တဦးဖြစ်တဲ့ မြန်မာမွတ်ဆလင် လူငယ်များ (ဘာသာရေး) အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ရခိုင်ပြည်နယ်တွင်း အဖြစ်အပျက်တွေကြောင့် ဒုက္ခရောက်နေသူတွေရဲ့ အခြေအနေကို မေးမြန်းတာလို့ ပြောပါတယ်။
“အဓိကကတော့ ရခိုင်ပြည်နယ် မောင်းတောနဲ့ စစ်တွေတို့မှာ ဒုက္ခသည်တွေ စားနပ်ရိက္ခာတွေ လိုအပ်ချက်တွေ ရှိ မရှိ။ ဆေးဝါးကုသမှုတို့၊ ဒုက္ခသည်တွေ နေထိုင်ရေး၊ စားသောက်ရေးတို့ကို ဘယ်လိုနေလဲ တချက်လာမေးတာပါ။”
မိနစ် ၂၀ ခန့်ကြာ မွတ်ဆလင်ခေါင်းဆောင်တွေနဲ့ မေးမြန်းခဲ့ပြီးတဲ့နောက် သံရုံးတာဝန်ရှိသူဟာ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ခေါင်းဆောင်တွေနဲ့လည်း သီးခြားတွေ့ဆုံမေးမြန်းခဲ့တယ် လို့ ဆိုပါတယ်။ ပါတီခေါင်းဆောင်တွေကို ဆက်သွယ်လို့မရသေးပါဘူး။
ဒီဗွီဘီကရရှိတဲ့ သီးခြားသတင်းတခုမှာတော့ သံရုံးယာယီတာဝန်ခံ မစ်ချယ်သာ့စ်တွန်က ရခိုင်ပြည်နယ် တွင်းဖြစ်ပွားနေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့ တိုက်တွန်းပြီး အမေရိကန်ပြည်ထောင်စု ရဲ့ စိုးရိမ်ပူပန်မှုကို ထပ်လောင်းပြောဆိုခဲ့တယ်လို့ ပါရှိပါတယ်။
အမေရိကန်ပြည်ထောင်စုက အမေရိကန်နိုင်ငံသားတွေကို ကချင်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေကို ခရီးမသွားဘဲ ရှောင်ရှားဖို့ နှိုးဆော်ထားပါတယ်။