ဦးဥာဏ်ဝင်းကို ရွေးကောက်ပွဲကော်မရှင်က တရားစွဲထားသည့်အမှု စတင်စစ်ဆေးမည်
ပီတာအောင်
·
June 14, 2012
ပြီးခဲ့တဲ့ ဧပြီလက ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဗဟိုအောင်နိုင်ရေး အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဦးဥာဏ်ဝင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မမှန် သတင်းပေးပို့မှုနဲ့ စွပ်စွဲထားတဲ့အမှု စတင်စစ်ဆေးဖို့ နေပြည်တော်တရားရုံးက ဒီကနေ့ရုံးချိန်းပေးလိုက် ပါတယ်။
ရွေးကောက်ပွဲကာလအတွင်း ဆန္ဒမဲလက်မှတ်တွေမှာ ဖယောင်းသုတ်မှုတွေ ရှိနေတယ်လို့ အန်အယ်လ်ဒီရဲ့ သတင်းထုတ်ပြန်ချက်တွေနဲ့ စပ်လျဉ်းပြီး ရွေးကောက်ပွဲကော်မရှင် ညွှန်ကြား ရေးမှူး ဦးသောင်းလှိုင်က တရားလိုအဖြစ် တရားစွဲဆိုလိုက်တာပါ။
[caption id="attachment_23473" align="alignleft" width="232" caption="ဦးဥာဏ်ဝင်း"][/caption]
ဦးသောင်းလှိုင်က “သတင်းမှားပေးလိုက်တယ်ပေါ့။ သတင်းမှားပေးလိုက်တော့ ရွေးကောက်ပွဲ အချိန်တုန်းက ဖယောင်းသုတ်တယ်၊ ဖယောင်းသုတ်တယ်ဆိုပြီး တော်တော် ကျယ် ကျယ်ပြန့်ပြန့်ကြီး ဖြစ်သွားတာ။ တကယ့်ဖြစ်ရပ် အမှန်က အဲဒါမဟုတ်ဘူးလေ။ မဟုတ်ဘူးဆိုတော့ ကျနော်တို့က အဲဒါကို မဟုတ်ကြောင်း ပြန်ရှင်းခိုင်းတာ သူတို့မရှင်းလို့ ကျနော်တို့က တရားစွဲရတဲ့ သဘောပါ” လို့ ပြောပါတယ်။
ကြားဖြတ် ရွေးကောက်ပွဲမှာ ဖယောင်းသုတ်မှုဖြစ်စဉ် လုံးဝဖြစ်ပွားခဲ့မှု မရှိကြောင်း ရွေးကောက်ပွဲကော်မရှင် က ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။
အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းကတော့ “ဖယောင်းကိစ္စက အမှန်တကယ်စိုးရိမ်စရာ အခြေအနေ တခုရှိခဲ့တယ်။ ကျနော်တို့မှာ သတင်းတွေရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီမဲလက် မှတ် ဆိုတာ ဘယ်သူမှကြည့်ခွင့်ရှိတာ မဟုတ်ဘူး မဲရုံမှူးကလွဲရင်။ အဲတော့ ကျနော်တို့က ခိုင်လုံတဲ့ အထောက်အထားလုပ်ဖို့ အချိန်လည်း မရသလို ဖြစ်လည်း မဖြစ်နိုင်ပါဘူး” လို့ ပြောပါတယ်။
ဒီနေ့မနက်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာတော့ ဒီအမှုနဲ့ပတ်သက်ပြီး အာမခံ လျှောက်ထားတာကို တရားရုံးက အာမခံပေးလိုက်ပြီဖြစ်ကြောင်းနဲ့ အမှုစစ်ဆေးဖို့ ရုံးချိန်းကိုတော့ လာမယ့် ဇွန်လ ၂၆ ရက်နေ့ သတ်မှတ်ပေးထား တယ်လို့ဦးဥာဏ်ဝင်းက ပြောပါတယ်။
ဒီအမှုအတွက် ဦးဥာဏ်ဝင်းဘက်က ရှေ့နေတွေဖြစ်တဲ့ ဦးကျော်ဟိုး၊ ဒေါ်စန်းစန်းမြင့်၊ ဦးခင်မောင်ဇော်တို့ ၃ ဦး ကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။