နှစ်ပေါင်း ၂၄ နှစ်အကြာ ပထမဆုံး ဥရောပခရီးစဉ်အဖြစ် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အလုပ်အကိုင် ဖန်တီးနိုင်မယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံကို လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အိုညီလာခံမှာ ဒီနေ့မနက်က မိန့်ခွန်း ပြောကြားရာမှာ ခုလို ဖိတ်ခေါ်လိုက် တာဖြစ်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အနေနဲ့ နိုင်ငံတကာက လက်ခံတဲ့ အလုပ်သမားစံနှုန်းတွေ လိုက်နာဖို့၊ သဘာဝပတ်ဝန်းကျင် မပျက်စီးအောင် တာဝန်ယူဖို့နဲ့ မြန်မာလူထုအတွက် ရေရှည် အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ဖို့လိုတယ် လို့လည်း ပြောပါတယ်။
ဒါ့ပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဟာ မြန်မာလူငယ်တွေအတွက် ပညာရပြီး အကျိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်စေဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က အလေးထား ပြောကြားသွားပါတယ်။
“မြန်မာပြည်ကိုလာကြဖို့အားလုံးကို ဖိတ်ခေါ်ချင် ပါတယ်။ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေကိုချည်း ကြည့်ဖို့ ဒါမှမဟုတ် အလုပ်သမား ပြဿနာတွေကို စုံစမ်းစစ်ဆေးဖို့ မဟုတ်ပါဘူး။ ကမ္ဘာတခုလုံးအတွက် မြန်မာနိုင်ငံမှာ ဘယ်လောက် အလားအလာကောင်းတွေ ရှိသလဲဆိုတာ အကဲဖြတ်ပါ။ ကျမတို့နိုင်ငံက လူငယ်တွေဟာ ဒီလောက်တောင် စိတ်ဓာတ်အားမာန်တွေ ရှိနေပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေဟာ အကျိုးအမြတ် ရှိရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ဒီအကျိုးအမြတ်တွေဟာ ရင်းနှီးမြှုပ်နှံသူတွေရော မြန်မာပြည်သူတွေပါ မျှဝေခံစား ရမယ်။ ကျန်တဲ့ကမ္ဘာက ကျွမ်းကျင်မှုတွေကို မြန်မာလူငယ်တွေဆီ မျှဝေနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုမျိုးကို ဖိတ်ခေါ်ချင်ပါတယ်။”
ဒါ့ပြင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအကြောင်း ထည့်သွင်းပြောကြားခဲ့ရာမှာ ထိုင်းအစိုးရကရော မြန်မာအစိုးရကပါ ရွှေ့ပြောင်း နေထိုင်သူတွေ ပြဿနာကို အခွင့်အရေးအခြေခံပြီး ချဉ်းကပ်တာမရှိတဲ့အတွက် ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေဟာလည်း မကြာခဏ အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေတုန်းပဲလို့ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်က ရုပ်သိမ်းပေးလိုက်တာနဲ့ ပတ်သက်ပြီးလည်း ဒီဆုံးဖြတ်ချက်ဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ အကောင်းဘက် ပြောင်းလဲခဲ့တာတွေကို ထင်ဟပ်နေတယ် လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆွစ်ဇာလန်နိုင်ငံမှာ ရောက်ရှိနေစဉ် ဆွစ်ဇာလန် ပါလီမန်မှာလည်း သွားရောက် မိန့်ခွန်းပြောကြားဖို့ အစီအစဉ်ရှိပြီး သောကြာနေ့မှာတော့ နော်ဝေနိုင်ငံကို သွားရောက်ဖို့ ရှိနေပါတယ်။