Home
မြန်မာသတင်း
ငါးမဖမ်းရ ကန့်သတ်ကာလအတွင်း ပင်လယ်ပြင်ငါးဖမ်းခွင့်တချို့ ပြန်ခွင့်ပြုပေးမည်
DVB
·
April 27, 2018
ရေးမြို့နယ် ပင်လယ်ပြင်အတွင်း ရေထွက်သယံဇာတတွေ ထိန်းသိမ်းတဲ့အနေနဲ့ သားပေါက်ပွားချိန် မေ ၁၆ ရက်မှ သြဂုတ် ၁၅ ရက်အထိ ငါးမဖမ်းရကာလ သတ်မှတ်ခဲ့ပေမယ့် ရေလုပ်ငန်းရှင်တွေရဲ့ တင်ပြချက်အရ ငါးလုပ်ငန်းဦးစီးဌာနက ၂၀ ရာခိုင်နှုန်း ပြန်လည်ခွင့်ပြုပေးလိုက်ပါတယ်။ မြန်မာ့ပင်လယ်ပြင်မှာ ပညာရှင်တွေရဲ့ သုတေသနပြုချက်တွေအရ ရေအောက်သယံဇာတ လျော့နည်းလာလို့ ငါးဖမ်းဆီးခွင့်ကို ၄ လတာ သတ်မှတ်ခဲ့ပေမယ့် လူမှုစီးပွားနဲ့ ကုန်ထုတ်လုပ်မှု အခြေအနေတွေအပေါ် ရေလုပ်ငန်းရှင်တွေရဲ့ တင်ပြချက်တွေအရ ခုလို သတ်မှတ်ရာနှုန်းနဲ့ ပြန်လည်ခွင့်ပြုပေးလိုက်တာပါ။ ဒါပေမယ့် သတ်မှတ်ရာခိုင်နှုန်းထက် ကျော်လွန်ဖမ်းဆီးမှုတွေကိုတော့ ဥပဒေအရ အရေးယူနိုင်ဖို့ တပ်မတော်ရေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိနေတယ်လို့  ရေးမြို့နယ်ငါး လုပ်ငန်းဦးစီးဌာန ဦးစီးမှူး ဦးဇော်မင်းဦးက ဒီဗွီဘီကို ပြောပါတယ်။ “ကျေးရွာတွေကို ငါးဖမ်းပိုက် အမျိုးအစားအလိုက် ၂၀ ရာခိုင်နှုန်းကို သူ့တို့ဟာသူတို့ မဲနှိုက်စေပါတယ်။ အဲဒီကရလာတဲ့ ဖမ်းဆီးခွင့်ရလာတဲ့ လှေစာရင်းကို ကျနော်တို့အနေနဲ့ အထက်ကို တင်ပြပေးသွားပါ့မယ်။ အဲဒီမှာ ဖမ်းဆီးခွင့်မရတဲ့ လှေတွေကို ကမ်းကို အားလုံးကပ်ခိုင်းပြီးတော့ ကမ်းခြေမှာ တည်ရှိမှုကို စောင့်ကြည့်သွားမယ်။ တပ်မတော်ရေကိုတော့ ထွက်ခွင့်မရှိတဲ့ လှေစာရင်းကို စာရင်းပေးပါတယ်။ ရေတပ်ဌာနချုပ်ကိုလည်း ဗဟိုကနေ ပေးပါတယ်။ တကယ်လို့ ဖမ်းဆီးမှု ဖြစ်သွားခဲ့ရင် အရေးယူဆောင်ရွက်မှုအနေနဲ့ ဥပဒေအရ လှေကို ပြည်သူ့ဘဏ္ဍာသိမ်းမယ်၊ လိုင်စင် လုံးဝပိတ်သိမ်းတဲ့အထိ ပြစ်ဒဏ်ချပါမယ်။” ရေးမြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဇော်မိုးက “မကြာခင် ကျနော်တို့ မဲကောက်ဖို့ ရှိပါတယ်။ ခုလို ဖြေလျှော့ပေးမှုကို ကျေနပ်ပါတယ်။ ဒါမှလည်း စားသုံးသူတွေ၊ လုပ်ငန်းရှင်တွေ၊ ရေလုပ်သားတွေက ဖမ်းဆီးခွင့်မရတာထက်စာရင် ပိုပြီးအဆင်ပြေသွားမှာပေါ့” လို့  ပြောပါတယ်။ ရေးမြို့နယ်မှာ ဘုံကျောင်း၊ မျှောပိုက်၊ ကျားပိုက်၊ စိန်ပိုက် စတဲ့လုပ်ငန်းတွေ လုပ်ဆောင်နေပြီး ငါးလုပ်ငန်းဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ ကမ်းဝေး ၁၉၇ စီးနဲ့ ကမ်းနီး ၃၇၂ စီး လုပ်ကိုင်နေတာပါ။ သတင်း - ဝင်းနိုင်သက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024