Home
မြန်မာသတင်း
မြန်မာ့တပ်မတော်အရာရှိများ တောင်ဆူဒန်နှင့် လိုက်ဘေးရီးယားတွင် တာဝန်ထမ်းဆောင်နေ
DVB
·
April 26, 2018
  မြန်မာ့တပ်မတော်မှ အရာရှိတွေ တောင်ဆူဒန်နိုင်ငံနဲ့  လိုက်ဘေးရီးယားနိုင်ငံတို့ရှိ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးမစ်ရှင်အဖွဲ့မှာ သွားရောက်တာဝန်ထမ်းဆောင်နေတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာနက သိရပါတယ်။ အန်အယ်လ်ဒီအစိုးရလက်ထက်  ပြီးခဲ့တဲ့ တစ်နှစ်တာကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်သတင်းမီဒီယာမှာ ထည့်သွင်းဖော်ပြထားတာပါ။ အိန္ဒိယတပ်မတော်က Mobile Training Team နဲ့ မြန်မာ့တပ်မတော်မှ အရာရှိ/ အခြားအဆင့်တွေကို ကုလသမဂ္ဂ ငြိမ်းချမ်း ရေးထိန်းသိမ်းမှုဘာသာရပ်ကို စာတွေ့/ လက်တွေ့ ပို့ချပေးနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံနဲ့  ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့ရှိ တက္ကသိုလ်တွေကို စေလွှတ်ပြီး မဟာဘွဲ့နဲ့ ပါရဂူဘွဲ့သင်တန်းတွေ တက်ရောက်စေလျက်ရှိတယ်လို့ လည်းသိရပါတယ်။ ပြီးခဲ့တဲ့၂၀၁၄  ဇန်န၀ါရီလက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာပြည်ဆိုင်ရာ အထူးအကြံပေး ဗီဂျေနမ်ဘီးယားရဲ့ မြန်မာပြည်ခရီးစဉ်အတွင်းမှာ မြန်မာတပ်မတော်အနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပတ်သက်ပြီး စိတ်ဝင်စားရင် ပါဝင်လုပ်ဆောင်ဖို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့တပ်မတော်အနေနဲ့ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကမ်းလှမ်းချက်ကို လက်ခံတဲ့အကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ မြန်မာအနေနဲ့ ကမ္ဘာမှာ တာဝန်သိတဲ့ နိုင်ငံအနေနဲ့ တာဝန်ထမ်းဆောင်လိုတဲ့အကြောင်း၊ ငြိမ်းချမ်းရေးကိုလည်း လိုလားတဲ့အကြောင်းနဲ့ ပြည်သူလူထုရဲ့ လူမှုဘ၀လုံခြုံရေးအတွက် ကုလသမဂ္ဂ အဖွဲ့အစည်းနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မစ္စတာ ဗီဂျေးနမ်ဘီယားနဲ့ နေပြည်တော်မှာ တွေ့ဆုံရာစဉ် ပြောကြားခဲ့ ပါတယ်။ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (အိပ်ခ်ျအာရ်ဒဗလျူ)ကတော့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး တပ်ဖွဲ့ထဲမှာ မြန်မာတပ်ဖွဲ့တွေပါဝင်ဖို့ ကုလသမဂ္ဂရဲ့ ကမ်းလှမ်းချက်ဟာ နိုင်ငံတကာ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးစံချိန်စံနှုန်းကို လျော့ပါးပြီး မတော်တရော်တွေ ဖြစ်စေနိုင်တယ်လို့ ထိုစဉ်က ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အိတ်ဖွင့်ပေးစာပေးပို့ ကန့်ကွက်ခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအတွက် နိုင်ငံတကာက စစ်သည်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေကို ပြည်တွင်းစစ်နဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ တိုင်းပြည်တွေကို စေလွှတ်ထားတာ ဖြစ်ပါတယ်။ ဓာတ်ပုံ-UN
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024