မျောက်ကို အရုပ်လိုဝတ်ဆင်ပေးပြီး ပိုက်ဆံတောင်းခိုင်းမှု ဝေဖန်ခံရ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမှာ မျောက်လေးတကောင်ကို ရွှေရောင်ဆံပင်ပါ အရုပ်မလေးလို ဝတ်ဆင်ပေးပြီး မျက်နှာဖုံးစွပ် သံကြိုးချည် ပိုက်ဆံတောင်းခိုင်းတဲ့ ရုပ်သံတခု ထွက်ပေါ်လာပြီးနောက် တိရစ္ဆာန်ချစ်သူတွေက ဝိုင်းဝန်းဝေဖန်နေကြပါတယ်။ ရုပ်သံထဲမှာ မျောက်ကလေးက ပုံးတလုံးကိုင်ထားကာ ကားမောင်းသမားတွေ ပစ်ချပေးမယ့် ပိုက်ဆံကို လိုက်သိမ်းနေတာ တွေ့ရပြီး ဒီရုပ်သံကို ဘိုဂေါမြို့ထဲ ဖြတ်သွားဖြတ်လာ ကားသမားတယောက်က ရိုက်ကူးခဲ့တာပါ။ မျောက်ကလေးကို ပန်းရောင် အပေါ်အောက် ဆင်တူဝတ်ပေးထားပြီး ခေါင်းမှာ ရွှေရောင်ဆံပင်နဲ့ နေကာမျက်မှန်တပ်ထားတဲ့ အရုပ်မမျက်နှာဖုံး စွပ်ပေးကာ လည်ပင်းနဲ့ လမ်းရဲ့တဖက်ကို သံကြိုးနဲ့ တွဲချည်ထားတာ တွေ့ရပါတယ်။ မျောက်က အပြာရောင်ပုံးတပုံးကို ကိုင်ထားပြီး ရိုးရာဂီတနဲ့ သူ့ရဲ့ ဖျော်ဖြေလှုပ်ရှားမှုအတွက် ပိုက်ဆံထည့်မယ့် ကားသမားတွေကို စောင့်နေပါတယ်။ တယောက်ယောက် ပိုက်ဆံကိုင်ထားတာတွေ့ရင် ကားသမားတွေဆီ မျောက်ကလေးက အမြန်သွားပြီး ပိုက်ဆံတွေ လက်ခံလိုက်၊ သူ့နေရာပြန်သွားလိုက်နဲ့ နောက်ထပ် ပိုက်ဆံထည့်မယ့်သူတဦးကို စောင့်ဆိုင်းနေတာပါ။ ဒီရုပ်သံက ပြီးခဲ့တဲ့အပတ်ထဲ ဖေ့စ်ဘွတ်ခ်ပေါ် ပျံ့နှံ့သွားပြီး လူမှုကွန်ရက်သုံးစွဲသူ တဦးကတော့ “လူသားတွေကျေနပ်ဖို့ လည်ပင်း သံကြိုးချည်ပြီး နှိပ်စက်ခံရတဲ့ သနားစရာ မျောက်ကလေး” လို့ ဝေဖန် ရေးသားထားပါတယ်။ ဒီလို လမ်းပေါ်မှာ မျောက်ကလေးတွေ ကပြဖျော်ဖြေတာက အင်ဒိုဘာသာစကားနဲ့ Topeng Monyet မျောက်မျက်နှာဖုံးလို့ အဓိပ္ပါယ်ရတဲ့ လမ်းပေါ်က ရိုးရာဖျော်ဖြေမှုတခုဖြစ်ပြီး ဒီရိုးရာဖျော်ဖြေမှုကို တိရစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေရဲ့ ၂၀၁၃ ခုနှစ် လှုံ့ဆော်စည်းရုံးမှု အပြီးမှာတော့ မြို့တော်ဂျကာတာမှာ ပိတ်ပင်တားမြစ်ထားပါတယ်။ ပြင်းထန်တဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်း ဒဏ်ရာတွေကြောင့် မျောက်တွေ သူတို့နေထိုင်ရာ သစ်တောတွေထဲ မပြန်နိုင်သလို ဒီလို မျောက်တွေကိုသုံးတဲ့ ရိုးရာဖျော်ဖြေမှုက အင်ဒိုနီးရှား တနိုင်ငံလုံးမှာ ဆက်ဖြစ်နေတုန်းပဲလို့ မေရာသတင်းမှာ ဧပြီ ၂၅ ရက်နေ့က ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up