အဓမ္မပြုကျင့်မှုဖြင့်ဖမ်းဆီးခံထားရသည့် အဆိုတော်အစ္စဏီအမှု ဒုတိယအကြိမ်ရမန်ယူ
သူဇာလင်း
·
April 26, 2018
မော်ဒယ်စူးရှထက်ကို အဓမ္မပြုကျင့်မှုနဲ့ ဖမ်းဆီးတရားစွဲခံနေရတဲ့ အဆိုတော် အစ္စဏီ အမှုကို ဧပြီ ၂၆ ရက်က ရန်ကုန်မြို့ တာမွေတရားရုံးမှာ ဒုတိယအကြိမ် ရမန်ယူပြီး မေလ ၁၀ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့ ပြန်ချိန်းဆိုလိုက်ပါတယ်။
အဓမ္မပြုကျင့်မှု၊ အပြင်းအထန်နာကျင်စေမှုအပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ ပုဒ်မသုံးခုနဲ့ အဆိုတော် ဟန်ထွန်းဇော်(ခ)အစ္စဏီကို မော်ဒယ်စူးရှထက် ကိုယ်တိုင် တရားလိုပြုလုပ်ပြီး တာမွေရဲစခန်းမှာ ဧပြီလ ၁၂ ရက်နေ့က အမှုဖွင့်တရားစွဲဆိုထားတာလည်း ဖြစ်ပါတယ်။
ဧပြီ ၁၂ရက်က မော်ဒယ်စူးရှထက်ရဲ့နေအိမ်တိုက်ခန်းမှာ ရည်းစားဟောင်း အဆိုတော်အစ္စဏီက စူးရှထက်ကို တကိုယ်လုံးကို ဖျစ်ညှစ်ခြင်း၊ ယာလက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တို့နဲ့ လက်သည်းခွံတွေကို လှန်ချိုးလို့ နာကျင်ပြီး သတိမေ့နေတုန်း ၂ ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲသတင်းထုတ်ပြန်ချက်မှာဖော်ပြပါတယ်။