Home
အနုပညာ
ရုပ်ရှင်ဝါသနာအိုးတို့အတွက် ဘယ်ရုံမှာ ဘာကားတွေ ပြနေသလဲ (ရုပ်သံ)
DVB
·
April 26, 2018
ဒီတပတ်ရဲ့ DVB Movie Crazy အစီအစဉ်မှာ ရုပ်ရှင်ဝါသနာအိုးတွေအတွက် ပုံမှန်တင် ဆက်နေကျဖြစ်တဲ့ နိုင်ငံတကာနဲ့ ပြည်တွင်းက ကောင်းနိုးရာရာ ရုပ်ရှင်ဇာတ်ကားတွေကို ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံး မိတ်ဆက်ပေးချင်တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတကားကတော့ ‘မုန်းလို့ရရင် မုန်း ချင်တယ်’ဆိုတဲ့ ခပ်ဆန်းဆန်းနာမည်နဲ့ ဇာတ်ကားတကားပါ။ ဇာတ်လမ်းကတော့ သက်ဦးမောင် ဖြစ်ပြီး ဇာတ်ညွှန်းကတော့ မြမြင့်မိုရ်နဲ့ မိုးနီလွင်တို့က ရေးထားကြတာ ဖြစ်ပါတယ်။ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးက ၅ ကားမြောက်အနေနဲ့ စီစဉ်ခဲ့တာဖြစ်ပြီး ဒါရိုက်တာ အောင်ဇော်လင်းက ပုံဖော်ရိုက်ကူးထားခဲ့တာပါ။ ချစ်သူဘ၀မှာ ရည်မှန်းချက်တွေ ရည်ရွယ်ချက်တွေနဲ့အတူ ဖြတ်သန်းမယ်ဆိုတဲ့ ကတိတွေနဲ့ ရှိခဲ့ပြီးမှ အိမ်ထောင်ရေး ဆိုတဲ့ စည်းတခုထဲ ရောက်သွားချိန်မှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့တဲ့ ချစ်သူတွေကြားက ပဋိပက္ခတွေကို ဒီဇာတ်လမ်းထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ ပူပူနွေးနွေး အကယ်ဒမီရရှိထားတဲ့ နေတိုးကတော့ ဒီကားထဲမှာ တေးရေးဆရာတယောက်အဖြစ် ပါဝင်ထားခဲ့တာ ဖြစ်ပါတယ်။ သူနဲ့အတူ တခြားသရုပ်ဆောင်တွေဖြစ်တဲ့ မင်းဦး၊ သင်ဇာဝင့်ကျော်တို့လည်း ပါဝင်ပြီး ထူးထူးခြားခြား အဆိုတော် ရတနာမိုင်လည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ လာမယ့် ဧပြီလ ၂၇ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ထပ်မံဆက်ပေးချင်တဲ့ ကားတကားကတော့ ဟောလိဝုဒ် ဟာသကားတကားဖြစ်တဲ့ Blockers ဆိုတဲ့ ရုပ်ရှင်ကားပါ။ ဒီကားကတော့ အပျိုစင်ဘဝကို စွန့်လွှတ်ဖို့ ကြိုးစားကြတဲ့ ဆယ်ကျော်သက် အထက်တန်း ကျောင်းသူလေးတွေနဲ့ သူတို့ကို တားဆီးမယ့် ဖခင်တွေ မိဘတွေအကြောင်း ဟာသနှော ရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ ဒီကားကို ရိုက်ကူးခဲ့သူကတော့ အမျိုးသမီး ဒါရိုက်တာတဦးဖြစ်တဲ့ Kay Cannon ဖြစ်ပြီး ဒါက သူ့ရဲ့ ပထမဆုံးဒါရိုက်တာအဖြစ် ရိုက်ကူးတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ်၊ ဇာတ်ညွှန်းတွေလည်းရေးတဲ့ Kay Cannon ဟာ နာမည်ကြီးရုပ်ရှင် Series တွေဖြစ်တဲ့ Pitch Perfect ရုပ်ရှင်ကားတွေရဲ့ ဇာတ်ညွှန်းတွေကို ရေးခဲ့သူ တဦးပါ။ ဒီဇာတ်ကားမှာတော့ ဟာသမင်းသမီး Leslie Mann၊ ဟာသမင်းသား Ike Barinholtz နဲ့ John Cena တို့က မိဘသုံးယောက်နေရာကနေ ပါဝင်သရုပ်ဆောင် ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းမပိတ်ခင် ကျင်းပတဲ့ Prom ဆိုတဲ့ ကပွဲ ညမှာ ဆယ်ကျော်သက်ကောင်မလေးတွေဟာ အတွေ့အကြုံယူဖို့ တက္ကသိုလ်မတက်ခင်မှာ သူတို့ ရဲ့ အပျိုစင်ဘဝကို စွန့်လွှတ်ကြဖို့ တိုင်ပင်ထားကြတာပါ။ အဲဒီအကြောင်းတွေကို သူတို့ချင်း အင်တာနက်ပေါ်ကတဆင့် တိုင်ပင်နေတာကို မိဘတွေ သိသွားကြတဲ့အခါ ဘာတွေဖြစ်လာသလဲဆိုတဲ့ ကမောက်ကမ အခြေအနေတွေကို ဟာသအသားပေး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာ ကြမ်းတမ်းတဲ့ ပြကွက်တွေ၊ Dialog တွေပါနေတာမို့ ဒီကားကို R အဆင့် သတ်မှတ်ထားပြီး အသက် ၁၇ နှစ်အောက် လူငယ်တွေကို မိဘ၊ ဒါမှမဟုတ် အုပ်ထိန်းသူ တဦးဦးပါမှ ကြည့်ရှုသင့်ပါတယ်။ ဒီကားကိုတော့ တကမ္ဘာလုံးမှာ လက်ရှိ ရုံတင်ပြသနေတာ ဖြစ်ပါတယ်။ တတိယမြောက် မိတ်ဆက်ပြောပြချင်တဲ့ ဇာတ်ကားတကားကတော့ Supernatural Horror Movie ပရိသတ်တွေအတွက်ပါ။ ပရိသတ်တွေက Truth or Dare ဂိမ်းကို ကစားဖူးကြမယ် ထင်ပါတယ်။ ဒီဂိမ်းက သူငယ်ချင်းအချင်းချင်း ကစားကြတဲ့ ဂိမ်းမျိုး၊ စိတ်ထဲသိချင်တဲ့ မေးခွန်းဖြစ်ဖြစ်၊ မကျေနပ်တာဖြစ်ဖြစ် မေးခွန်းတခုမေးရင် အမှန်ကို ပွင့်ပွင့်လင်းလင်း ဖြေပေးရတယ်။ သူက အမှန်ကို ဖြေဖို့ ငြင်းဆန်တာမျိုး၊ ဒါမှမဟုတ် သူက လိမ်ညာပြီး ဖြေခဲ့ရင် ကျန်တဲ့သူတွေ ခိုင်းတာကို လုပ်ပေးရတာမျိုးပါ။ ပျော်စရာကောင်းတဲ့ ဂိမ်းတခုပါပဲ။ ဒါပေမယ့် ဒီဇာတ်ကားထဲက ဂိမ်းမှာတော့ သမားရိုးကျ မဟုတ်တဲ့ လျှို့ဝှက်ချက်တခု ရှိနေခဲ့ပါတယ်။ အဲဒီလျှို့ဝှက်ချက်ကို သူငယ်ချင်းတစုက ဖော်ထုတ်ဖို့ ကြိုးစားရင်း ဘယ်လို ကံကြမ္မာဆိုးတွေ သူတို့ဆီ ရောက်လာမလဲ။ ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကို တထိတ်ထိတ်နဲ့ စိတ်လှုပ်ရှားစရာကောင်းအောင် ကြည့်ရှုကြရမှာပါ။ ဒီကားကို Blumhouse Productions ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တာဖြစ်ပြီး ဒါရိုက်တာ Jeff Wadlow က ရိုက်ကူးခဲ့တာပါ။ ဒီကားမှာတော့ အမေရိကန်အဆိုတော်နဲ့ သရုပ်ဆောင် မင်းသမီး Lucy Hale, မင်းသား Tyler Posey နဲ့ ရုပ်သံစတား မင်းသမီးတဦးဖြစ်တဲ့ Violett Beane တို့က ဦးဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့ ထိတ်လန့်သည်းဖို ပြကွက်တွေ ပါဝင်တဲ့ ဒီရုပ်ရှင်ကားကိုတော့ PG 13 အဆင့် သတ်မှတ်ထားတာဖြစ်ပြီး အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအနေနဲ့ မိဘအုပ်ထိန်းသူတွေ ကြီးကြပ်မှုမပါဘဲ မကြည့်သင့်ပါဘူး။ ဒီရုပ်ရှင်ကားဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၃ သန်းခွဲရှိခဲ့ပြီး Box Office မှာတော့ လက်ရှိအချိန်ထိ ဝင်ငွေဒေါ်လာ ၃၈ သန်းကျော်ရရှိထားပါတယ်။ ပြသချိန် မိနစ် ၁၀၀ ရှိတဲ့ သဘာဝလွန် ထိတ်လန့်သည်းဖိုရုပ်ရှင် Truth or Dare ကို နိုင်ငံတကာမှာ လက်ရှိ ရုံတင်ပြသနေတာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နောက်ထပ်တကား မိတ်ဆက်ပြောပြပေးချင်တာကတော့ မြန်မာကားတကားပါ။ ဒီဇာတ်ကားရဲ့ နာမည်ကလည်း ‘ငါ့ကို နမ်းတဲ့ မုန်တိုင်း’လို့ ခပ်ဆန်းဆန်းပေးထားတာပါ။ Bobo ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကားဟာ စာရေးဆရာ ညေးရဲ့ ဝတ္ထုကို မိုးနီလွင်က ဇာတ်ညွှန်းခွဲထားပြီး ဒါရိုက်တာ အောင်ဇော်လင်းနဲ့ ဝင်းလွင်ထက်တို့က ရိုက်ကူးထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကားမှာ ထူးခြားတာက လူငယ်အဆိုတော် ၂ ယောက်ဖြစ်တဲ့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ ပါဝင်ပြီး နာမည်ကြီးမင်းသမီး ဖွေးဖွေးနဲ့ တခြားဝါရင့်သရုပ်ဆောင် အကယ်ဒမီမင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ နေအောင်၊ ရဲအောင်နဲ့ မြတ်ကေသီအောင်တို့ ပါဝင်ထားခဲ့ကြတာပါ။ သြရထူး၊ နေညိုသွင်၊ ပျို ဆိုတဲ့ ထူးထူးခြားခြား နာမည်တွေရယ် ဇာတ်လမ်းထဲက Dialog တွေကလည်း အွန်လိုင်းပေါ်က Trailer မှာပဲ ပရိသတ်တွေကြားမှာ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။ သုံးပွင့်ဆိုင်ဇာတ်လမ်းအဖြစ် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားမှာတော့ မတူညီတဲ့ ယောက်ျား ၂ ယောက်နဲ့ တွေ့ဆုံမှုမှာ အချစ်စစ်ကို ဘယ်လိုရှာတွေ့နိုင်မလဲ… ငွေကြေး ဥစ္စာဓနတွေက အချစ်ဆိုတဲ့ အရာအပေါ်မှာ ဘယ်လောက်လွှမ်းမိုးထားနိုင်မလဲဆိုတဲ့ အကြောင်းအရာတွေကို ရှုစားကြရမှာ ဖြစ်ပါတယ်။ အဆိုတော်တွေအဖြစ် ပရိသတ်တွေ အခိုင်အမာရှိထားကြတဲ့ လွှမ်းပိုင်နဲ့ ရဲရင့်အောင်တို့ရဲ့ ပရိသတ်တွေကလည်း ဒီကားကို မထွက်ခင်ကတည်းက စောင့်မျှော်အားပေးနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကားကိုတော့ မကြာခင်မှာ ပြသတော့မှာဖြစ်တယ်လို့ ကြော်ငြာထားပါတယ်။ နောက်ဆုံးတကားကိုတော့ ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ဟောလိဝုဒ်ဇာတ်ကား ကောင်းတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Avengers : Infinity War လို့ ပြောလိုက်တာနဲ့ Marvel Comic တွေကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းထားတဲ့ ရုပ်ရှင် Series တွေမှန်း အားလုံးသိကြပြီးဖြစ်မှာပါ။ American Super Hero ရုပ်ရှင်ပရိသတ်တွေအကြိုက် ဖန်တီးထားတဲ့ ဒီရုပ်ရှင်ကားကို အစပိုင်းတုန်းကတော့ အပိုင်း ၂ ပိုင်းခွဲပြီး ထွက်လာမယ်လို့ ထုတ်ပြန်ထားခဲ့ပေမယ့် လက်ရှိမှာတော့ တပေါင်းတည်း ထွက်လာခဲ့တာပါ။ ဒီဇာတ်ကားကိုတော့ Russo ညီနောင်လို့ လူသိများတဲ့ ဒါရိုက်တာညီအစ်ကို ၂ ဦး ဖြစ်တဲ့ Anthony Russo နဲ့ Joe Russo တို့က ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားထဲမှာတော့ နာမည်ကြီးသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြပြီး Hero ဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ထားခဲ့ကြတာပါ။ Iron Man ဇာတ်ကောင်နေရာမှာတော့ မင်းသားကြီး Robert Downey Jr. က သရုပ်ဆောင်ထားပြီး မင်းသား Chris Hemsworth ကတော့ လူစွမ်းကောင်း Thor အဖြစ် ပါဝင်ထားပါတယ်။ မင်းသမီးချော Scarlett Johansson ကတော့ Black Widow ဇာတ်ကောင်နေရာကနေ ပါဝင်ထားခဲ့တာဖြစ်ပြီး Captain America အဖြစ် Chris Evans က ပါဝင်သရုပ်ဆောင်ထားခဲ့ကြပါတယ်။ လူစွမ်းကောင်းတွေနဲ့ သူတို့ရဲ့ မဟာမိတ်တွေဟာ ကမ္ဘာကြီးကို ဘယ်လိုပူးပေါင်း ကာကွယ်ကြမလဲ ဆိုတာကတော့ မကြာခင်မှာ ကြည့်ရှုခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။ မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ဇာတ်ကားကို လာမယ့် ဧပြီလ ၂၇ ရက် နေ့မှာ ရုံတင်ပြသမယ်လို့ ကြော်ငြာထားတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024