အမျိုးသမီးအရာရှိ ၆ ဦး လေယာဉ်မောင်းနှင်ပျံသန်းမှု အောင်မြင်
DVB
·
April 25, 2018
အမျိုးသမီး အရာရှိ ၆ ယောက်ဟာ တယောက်ချင်း လေယာဉ်မောင်းနှင်ပျံသန်းတာကို အောင်မြင်ခဲ့ပြီလို့ တပ်မတော် လေက သတင်းထုတ်ပြန်ပါတယ်။
တပ်မတော်ကို ခေတ်မီတပ်မတော်ဖြစ်စေရေး တည်ဆောက်နေတာမှာ တပ်မတော်(လေ) အနေနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ပြုစုပျိုးထောင်ဖို့ အမျိုးသမီးအရာရှိတွေကို အမျိုးသားအရာရှိတွေ နည်းတူ လေယာဉ်မောင်းသင်တန်း ပေးနေတာပါ။
အဲဒီအတွက် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) က ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်း အမျိုးသမီးအရာရှိ ၆ ယောက်နဲ့ လေယာဉ်မောင်းသင်တန်း ပို့ချပေးနေတယ်လို့ ဆိုပါတယ်။
သူတို့ဟာ တယောက်ချင်း မောင်းနှင်ပျံသန်းမှုကို အောင်မြင်ခဲ့ပြီဖြစ်ပြီး ၂၀၁၈ နှစ်ကုန်ပိုင်းမှာ လေသူရဲတောင်ပံကို တယောက်ချင်းပေးအပ်ပြီး ပျံသန်းမှု အရည်အသွေးအလိုက် တပ်မတော်(လေ)က ပျံသန်းရေးအုပ်တွေမှာ ဆက်လက်တာဝန်ထမ်းဆောင်မှာ ဖြစ်ပါတယ်။
တပ်မတော်အနေနဲ့ အမျိုးသမီးလေသူရဲတွေ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေးအတွက် ဘွဲ့ရအမျိုးသမီးအရာရှိတွေကို ဆက်လက်ဖွင့်လှစ်မယ့် လေယာဉ်မောင်းသင်တန်းတွေမှာ ခေါ်ယူတက်ရောက်စေဦးမယ်လို့လည်း တပ်မတော် လေက သတင်းထုတ်ပြန်ထားပါတယ်။