အိုင်အက်စ်အဖွဲ့နှင့် အယ်လ်နျူဆာတပ်ဦး ခြေကုပ်ယူထားသည့် နေရာများကို ဆီးရီးယား ဖျက်ဆီး

ဓာတ်ပုံ - ရိုက်တာ
ဆီးရီးယားအစိုးရ စစ်လေယာဉ်တွေဟာ ဒမတ်စကတ်စ်မြို့တောင်ပိုင်း၊ အယ်လ်အက်စ်ဝပ်ခရိုင်ထဲက အိုင်အက်စ်အဖွဲ့နဲ့ အယ်လ်နျူဆာတပ်ဦးတို့ ခြေကုပ်ယူထားတဲ့ နေရာတွေ၊ လက်နက်သိမ်းထားတဲ့ နေရာတွေကို ဧပြီ ၂၄ ရက်နေ့မှာ ဖျက်ဆီးခဲ့တယ်လို့ ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနက ဖော်ပြပါတယ်။ ဒါ့ပြင် အိုင်အက်စ်အဖွဲ့ရဲ့ အဓိကထောက်ပံ့ရေး လမ်းကြောင်းကိုလည်း ဖြတ်တောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ အဲဒီဒေသထဲက အကြမ်းဖက်သမားတွေကို ရွှေ့ဖို့ စေ့စပ်ညှိနှိုင်းတာတွေ မအောင်မြင်ခဲ့လို့ အခုလို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ သတင်းကဆိုပါတယ်။ ဆီးရီးယားအစိုးရဟာ မြို့တော်တောင်ပိုင်းကို အာရုံစိုက်ပြီး အကြမ်းဖက်သမားတွေကို ဘက်ပေါင်းစုံကနေ တိုက်ခိုက်နေတယ်လို့လည်း သတင်းကဆိုပါတယ်။ ဆီးရီးယားနိုင်ငံမှာ နယ်မြေတော်တော်များများကို ထိန်းချုပ်ထားနိုင်ခဲ့တဲ့ အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဟာ လက်ရှိမှာ နယ်မြေဆုံးရှုံးနေပါတယ်။ ဒါပေမယ့် ဒမတ်စကတ်စ်မြို့ တောင်ပိုင်းခရိုင်တွေ အပါအဝင် ဆီးရီးယားနိုင်ငံထဲမှာ လှုပ်ရှားနေတုန်း ဖြစ်ပါတယ်။ ဆီးရီးယား စစ်ဘက်အရာရှိတဦးကတော့ အစိုးရဟာ မြို့တော်တောင်ပိုင်းက အကြမ်းဖက်သမားတွေကို အမြစ်ပြတ်ချေမှုန်းဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောထားကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up