Home
ရုပျသံ
သမ္မတသစ်မိန့်ခွန်း လက်တွေ့ ဘာတွေမျှော်လင့်လို့ရမလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
April 25, 2018
ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ဟာ မြန်မာ့နှစ်သစ်ကူးကာလမှာ နိုင်ငံတော်အခြေပြ မိန့်ခွန်းတခုကို ပြောခဲ့ပါတယ်။ ဒီမိန့်ခွန်းဟာ လူမှုစီးပွားနဲ့ပတ်သက်တာ တော်တော်များများကို ခြုံငုံပြောခဲ့တာပါ။ ဝန်ထမ်းတွေ လစာတိုးမြှင့်ရေး၊ လယ်ယာမြေ ပိုင်ဆိုင်ရေး၊ အဂတိတိုက်ဖျက်ရေးနဲ့ လျှပ်စစ်ကိစ္စတွေ အများစု ပါဝင်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘယ်ဟာတွေက လက်တွေ့မျှော်လင့်လို့ရမလဲ၊ ဘယ်ဟာတွေကတော့ ဘယ်လိုအခက်အခဲတွေ ရှိနိုင်တယ်ဆိုတာ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ တမ္ပဒီပအင်စတီကျုမှ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းနဲ့ Myanmar Quarterly အယ်ဒီတာ ဦးနေထွန်းနိုင်တို့ ဖြစ်ပါတယ်။ ဦးတိုးဇော်လတ် (ဒီဗွီဘီ) “အခု နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့်ရဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းလို့ ပြောရမယ့် လူမှုစီးပွားကို Focus လုပ်သွားပါတယ်။ တိုင်းပြည်တခုရဲ့ နိုင်ငံခေါင်းဆောင်တယောက်ဆီက တိတိကျကျ ကြားရတဲ့ Detail Plan တွေပေါ့။ ပြောခဲ့တာတွေထဲမှာ အရေးကြီးဆုံးက ဘယ်ဟာတွေ မျှော်လင့်လို့ရနိုင်တယ်၊ ဘယ်ဟာတွေကတော့ အခက်အခဲတွေ တွေ့နိုင်သလဲဆိုတာ ဆရာ စပြီး ဆွေးနွေးပေးပါဦး။” ဒေါက်တာခင်ဇော်ဝင်း (ဒါရိုက်တာ၊ တမ္ပဒီပအင်စတီကျု) “ဒီမိန့်ခွန်းကိုဖတ်ပြီး အားလုံးခြုံကြည့်မယ်ဆိုရင် Social Walfare Planning တခုပေါ့။ လူမှုစီးပွား တိုးတက်ဖို့အတွက်၊ သာယာဝပြောဖို့အတွက် ပြောတာ။ ပြည်တွင်းရော ပြည်ပပါ ဒါကို မျှော်လင့်လို့ရပါတယ်။ တကယ် အကောင်အထည်ဖော်ဖို့ နေရာမှာတော့ အားလုံးသိတဲ့အတိုင်းပဲ။ သူပြောသွားတဲ့ကိစ္စတွေ အကုန်လုံးက အရေးကြီးတဲ့ကိစ္စတွေ၊ လိုအပ်တဲ့ကိစ္စတွေ ပါပါတယ်။ စေတနာလည်းပါတယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် တကယ်လက်တွေ့ အကောင်အထည်ဖော်တဲ့နေရာမှာ ဘယ်လိုလုပ်မလဲ စဉ်းစားကြည့်လိုက်တော့ လမ်းစဉ်ပါတီခေတ်ကဆိုရင် ပါတီက ဦးဆောင်ပြီး လုပ်မယ်ပေါ့။ အကုန်လုံး ဝိုင်းပြီး ကူကြပါပေါ့။ အခု ပါတီစုံစနစ်မှာကျတော့ အဲဒီလိုလုပ်လို့ မရတော့ဘူး။ သူ့အနေနဲ့ မီဒီယာကို အသိအမှတ်ပြုလာတယ်။ အရင်တုန်းက ဒါတွေ အသိအမှတ် မပြုဘူးလေ။ အားလုံး အကောင်အထည်ဖော်မယ်၊ အောင်မြင်အောင်လုပ်မယ်၊ လိုလည်း လိုအပ်ပါတယ် ဆိုရင်တော့ အစိုးရချည်းပဲ၊ ပါတီချည်းပဲ လုပ်လို့မရဘူး။ လူထုအားလုံး ပါဝင်ဖို့လိုပါတယ်။” ဦးတိုးဇော်လတ် (ဒီဗွီဘီ) “ဆရာကတော့ ပြည့်ပြည့်စုံစုံတော့ ပါတယ်။ မီဒီယာတို့၊ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေး ကိစ္စတွေလည်း ပြောသွားပါတယ်။ ပိုပြီး သေချာတာက ပါတီတခုတည်းနဲ့ လုပ်လို့မရဘူး၊ ပြည်သူလူထု ပါမှရမယ်ပေါ့။ ဆရာနေထွန်းနိုင်လည်း မေးပါရစေ။ အခုလို ပြောသွားတဲ့ထဲမှာ လူ့အခွင့်အရေး ကျယ်ကျယ်ပြန့်ပြန့် ကိစ္စတွေရော၊ လျှပ်စစ်မီးရရှိရေး ကိစ္စတွေရော အကုန်ပါတယ်။ ကျန်တာကလည်း သက်တမ်း ၃ နှစ်ပေါ့။ ဘယ်ဟာတွေကိုတော့ ၃ နှစ်အတွင်းမှာ မျှော်လင့်လို့ရနိုင်လဲ။ အဲဒီထဲမှာ လယ်ယာမြေကိစ္စတွေလည်း ပါလာတယ်။ သမ္မတဦးဝင်းမြင့်ဟာ သူ့သက်တမ်းတလျှောက်လုံးမှာ လယ်ယာမြေအကြောင်းကို ပြောလာတယ်။ အဲဒါနဲ့ပတ်သက်လို့ရော ဘာမျှော်လင့်လို့ရမလဲ၊ အခက်အခဲတွေရှိနိုင်လဲ ဖြည့်စွက်ဆွေးနွေးပေးပါဦး။” ဦးနေထွန်းနိုင် (အယ်ဒီတာ၊ Myanmar Quarterly) “အဲဒါမပြောခင် တစုံလုံးကို ခြုံကြည့်ရင် သူ ကျမ်းသစ္စာကျိန်ဆိုတုန်းက လုပ်ငန်းစဉ်ကြီး ၃ ခု ပြောတယ်။ လုပ်မယ့်ခေါင်းစဉ် ၈ ခုလောက် ပြောတယ်။ အကြောင်းအရာ ၁၁ ခုလောက်ကို အသေးစိတ်ပြောတယ်။ လုပ်ငန်းစဉ်ကြီး ၃ ခုထဲမှာ တစ်အချက်က တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုဘဝ တိုးတက်မြင့်မားရေး၊ ဒုတိယအချက်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကိစ္စ။ တတိယက ဖက်ဒရယ်ကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပေါ့။ ထူးထူးခြားခြားအနေနဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာတော့ နံပါတ်နှစ်အချက်နဲ့ သုံးအချက် ပါမလာဘူး။ မပြောဘူးပေါ့။ နံပါတ်တစ်အချက်နဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပဲ ပြောတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တချိန်က ပျောက်ဆုံးနေတဲ့ သမ္မတစနစ် ပြန်အားကောင်းတော့မလားဆိုတဲ့ ယူဆချက်တခုတော့ ထွက်တယ်။ သူပြောသွားတဲ့အထဲမှာ ၁၁ ချက်ရှိတယ်။ တချို့ဟာတွေကျတော့ Timeline မပါဘူးပေါ့။ သုံးနှစ်အတွင်း ဘယ်အချိန်မှာ ဘယ်လောက်လုပ်သွားမလဲဆိုတာ မပါဘူး။ လယ်ယာမြေကိစ္စမျိုးဆိုရင် သိပ်ရှုပ်ထွေးတယ်။ ဒီ့အတွက် သူ ပြောသွားတဲ့အထဲမှာ ဥပဒေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေလည်း မပါဘူး။ မပါဘဲနဲ့ တခါထပ်ပြောတဲ့ ပုံစံ-၇ လယ်လုပ်ပိုင်ခွင့်ကို ရည်ညွှန်းပုံရတယ်။ အဲဒါကို တနှစ်အတွင်း ပေးမယ်ဆိုတာ ပါတယ်။ လက်ရှိ မြေယာနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ ပြဿနာတွေက အောက်ခြေအဖွဲ့အစည်းတွေကို ပြင်မှရမယ်။ ထွေအုပ်တွေ၊ ပြည်ထဲရေးနဲ့ သက်ဆိုင်တာတွေကပဲ နေရာယူထားတဲ့ ယန္တရားကြီးတခုလုံး ပြင်ဖို့လိုတာပေါ့။ ၂၀၁၂ လယ်ယာမြေဥပဒေတို့၊ မကြာခင် ပြဋ္ဌာန်းဖို့ ပြင်ဆင်နေတဲ့ လွှတ်တော်ကို တင်သွင်းထားတဲ့ ၂၀၁၇ မြေသိမ်းဥပဒေကြမ်းတို့၊ အဲဒီကိစ္စတွေကို ပြင်ပြီးမှသာလျှင် ဖြစ်နိုင်မယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် သူ ကတိပေးခဲ့တဲ့ ပုံစံ-၇ လိုမျိုးဆိုရင် ဒီတနှစ်အတွင်း ဖြစ်ဖို့ တော်တော်လေးခက်တယ်။ မျက်နှာစာနှစ်ခုရှိတယ်။ ရှမ်းမြောက်တို့၊ ကရင်တို့၊ ချင်းတို့မှာဆိုရင် ပုံစံ-၇ ကို လက်မခံဘူး။ ဒေသထုံးတမ်း ပိုင်ဆိုင်မှုတွေ ရှိတယ်။ အဲဒီအတွက် အခက်အခဲတွေလည်း ကြုံနိုင်တယ်။ သမ္မတကြီးဦးဝင်းမြင့်အနေနဲ့ အဓိကရင်ဆိုင်ရမှာက မြေကိစ္စဟာ သူ့အတွက် ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်လိမ့်မယ်ထင်တယ်။ တနှစ်အတွင်း ဖြစ်နိုင်ဖို့က ခဲယဉ်းပါလိမ့်မယ်။ သုံးနှစ်အတွင်းတော့ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။” အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024