Live
Home
မြန်မာသတင်း
သမ္မတကြိုဆိုထောက်ခံပွဲ ဝါဒဖြန့်ချိခြင်းမဟုတ်ဟု  တနင်္သာရီအုပ်ချုပ်ရေးမှူးတုံ့ပြန်
ပိုင်စိုး
·
April 24, 2018
  သမ္မတသစ် ဦးဝင်းမြင့်ကို ကြိုဆိုထောက်ခံပွဲပြုလုပ်ခဲ့တာဟာ သမ္မတအနေနဲ့ အင်တိုက်အားတိုက်တာဝန်တွေ ထမ်းဆောင်နိုင်ဖို့ ဝန်ထမ်းတွေက ထောက်ခံပေးတာဖြစ်ပြီး အရင်အစိုးရတွေလက်ထက်ကလို ဝါဒဖြန့်ချိတာကို ထောက်ခံတာ မဟုတ်ဘူးလို့ တနင်္သာရီတိုင်း အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးက ပြောပါတယ်။ ဧပြီ ၂၀ ရက်က ထားဝယ်မြို့မှာ ပြုလုပ်တဲ့ သမ္မတ ဦးဝင်းမြင့်ကို ကြိုဆိုထောက်ခံတဲ့ အခမ်းအနားကို ဌာနဆိုင်ရာ ဝန်ထမ်းတွေ မပျက်မကွက်တက်ရောက်ဖို့ အုပ်ချုပ်ရေးက ညွှန်ကြားခဲ့တဲ့အပေါ် ဝေဖန်တာတွေ ရှိခဲ့တာပါ။ ဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦးက“အစိုးရက ဝါဒဖြန့်ချိတဲ့ လုပ်ငန်းတခုကိုလုပ်လို့ ထောက်ခံအားပေးတယ်ဆိုတာက တမျိုးလေ။ အခုက သမ္မတကို ထောက်ခံတာ။ ထောက်ခံတဲ့ နေရာမှာလည်း ပြီး ပြီးရော ဆိုတဲ့ သဘောမဟုတ်ဘဲ အင်တိုက်အားတိုက် ထောက်ခံရအောင် ဆောင်ရွက်လိုက်တာ” လို့ ဒီဗွီဘီကို ပြောပါတယ်။ သမ္မတသစ် ဦးဝင်းမြင့်ကို ကြိုဆိုထောက်ခံပွဲပြုလုပ်ခဲ့တာဟာ တွဲဖက်အလုပ်လုပ်ရမယ့် ဝန်ထမ်းအားလုံးက ထောက်ခံအားပေးနိုင်အောင် ဆောင်ရွက်ခဲ့တာကြောင့် ဝန်ထမ်းတွေကို ဖိတ်ကြားတာလို့ လည်း ဦးကောင်းစံဦးက ပြောပါတယ်။ “အစိုးရအဖွဲ့ရဲ့ သမ္မတလေ။ ပါတီရဲ့ သမ္မတ မဟုတ်ဘူး။ အစိုးရအဖွဲ့ကို ကွပ်ကဲတဲ့ သမ္မတသစ် တယောက် ပေါ်ပေါက်လာတဲ့ အခါမှာ အဲဒီသမ္မတကို ဝန်ထမ်းတွေက ထောက်ခံဖို့အတွက် ပွဲလုပ်ပေးတာ။ သမ္မတနဲ့ တွဲဖက်ပြီး အလုပ်လုပ်မယ့်၊ တာဝန်ထမ်းဆောင်မယ့် ဝန်ထမ်းအားလုံး ထောက်ခံအားပေးတဲ့ပွဲကို တက်ရောက်နိုင်ဖို့ တိုင်းအုပ်ချုပ်ရေးမှူးအနေနဲ့ တွန်းတွန်းတိုက်တိုက် ဒါလေးကို တက်ရောက်ပေးဖို့ ဖိတ်ကြားပြီးတော့မှ ပွဲကို ဦးဆောင်လုပ်လိုက်တာ” ကိုယ့်နိုင်ငံကို အုပ်ချုပ်မယ့် သမ္မတ တယောက်တက်လာတာကို တိုင်းနဲ့ ပြည်နယ် အားလုံးက အုန်းအုန်းကျွက်ကျွက် ထောက်ခံအားပေးတဲ့ ပွဲတွေလုပ်သင့်တယ်လို့လည်း သူက ဆက်ပြောပါတယ်။ ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်းကတော့ သမ္မတ ထောက်ခံပွဲကို ၀န်ထမ်းတွေ မတက်မနေရတက်ရမယ်ဆိုတာကတော့ မဖြစ်သင့်တဲ့အကြောင်းနဲ့  ဒီကိစ္စ အပေါ်က လုပ်ခိုင်းတာလား ဆိုတာကလည်း စဉ်းစားစရာဖြစ်တယ်လို့ပြော ပါတယ်။ “သမ္မကြီးလည်း ဒီလိုလုပ်ဖို့ ညွှန်ကြားမှာတော့ မဟုတ်ပါဘူး။ ပြီးတော့ သမ္မတက အခုမှ တက်တာလေ။ ဘာကိုထောက်ခံတာလဲ၊ ကြိုဆိုတယ်ဆိုတာ ကတော့ တမျိုးပေါ့။ မဖြစ်မနေတက်ရမယ်ဆို တာကတော့ မဖြစ်သင့်ပါဘူး” ဦးထင်ကျော် တာဝန်က အနားယူသွားတဲ့နောက် အသစ်ဖြစ်လာတဲ့ သမ္မတ ဦးဝင်းမြင့်ကို အန်အယ်လ်ဒီ ပါတီဝင်တွေ ဦးဆောင်ပြီး ကြိုဆိုထောက်ခံတာ၊ ထောက်ခံတဲ့အနေနဲ့ စတုဒိသာ ကျွေးတာတွေ နေရာတော်တော်များများမှာ ပြုလုပ်ခဲ့ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024