Home
ဆောင်းပါး
အမေရိကန်-မြောက်ကိုရီးယား တွေ့ဆုံဆွေးနွေးရေးအနာဂတ်
DVB
·
April 24, 2018
မြောက်ကိုရီးယား လူကြမ်းကလေး ကင်ဂျုံအန်းက သူ့ရဲ့ ရန်ဘက်လို နှစ်ပေါင်းများစွာ ဆက်ဆံခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်မှာ သူ့နိုင်ငံက အားကစားအဖွဲ့တွေ စေလွှတ်ယှဉ်ပြိုင်စေခဲ့သလို သူ့နိုင်ငံရဲ့ တေးဂီတဖျော်ဖြေရေး အဖွဲ့ကိုပါ သူ့ညီမရဲ့ ဦးဆောင်မှုနဲ့ စေလွှတ်ပေးခဲ့ရာကစလို့ တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံရဲ့ အေးစက်တင်းမာနေတဲ့ ဆက်ဆံရေးဟာ ပြန်လည်နွေးထွေးလာခဲ့တာကို တွေ့ရပါတယ်။ အဲဒီနောက် တောင်ကိုရီးယား အဆင့်မြင့်သံတမန် ၂ ဦးနဲ့ ကင်ဂျုံအန်း ကိုယ်တိုင်ကိုယ်ကျ လက်ခံဆွေးနွေးခဲ့ပြီး ရန်ဘက်အဖြစ် တသမတ်တည်း သတ်မှတ်ဝေဖန် တိုက်ခိုက်နေခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ မစ္စတာဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း ကမ်းလှမ်းပြောဆိုလိုက်သလို သူ့ရဲ့ အဆင့်မြင့် နျူကလီးယား ဖောက်ခွဲစမ်းသပ်မှုတွေကို ရပ်ဆိုင်းပစ်ဖို့ထိ ကမ်းလှမ်းပြောဆိုလာခဲ့တဲ့အတွက် နိုင်ငံတကာ ပြည်သူလူထုကြီးအဖို့ အံ့သြ မျှော်လင့်စရာတခု ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ နှစ်နိုင်ငံကပြည်သူတွေ အပါအဝင် နိုင်ငံတကာအရေး လေ့လာသူတွေက ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးရောင်ခြည် သမ်းလာပြီလား၊ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းတယောက် တကယ်ပဲ သူ့ရဲ့ နျူကလီးယား အိပ်မက်ကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုးရေးအပေါ် အာရုံကျလာတာများ ဖြစ်မလား စတဲ့ မေးခွန်တွေကို သို့လော သို့လော မေးမြန်းစောင့်ကြည့်လာခဲ့ကြပါတယ်။ အဲဒီလို မြောက်ကိုရီးယားနိုင်ငံရဲ့ အလျှော့ပေး ချဉ်းကပ်လာမှုကို အပြုသဘောဆောင်တဲ့ လုပ်ရပ်တခုအဖြစ် လက်ခံပြီး သူ့အနေနဲ့လည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို တွေ့ဆုံချင်ပါတယ်။ တွေ့ဆုံပါမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကရော ကင်ဂျုံအန်းရဲ့ ချဉ်းကပ်လာမှုကို တကယ်ပဲ ယုံကြည်မှုရှိရဲ့လား ဆိုတာကိုလည်း စူးစမ်းလာကြပါတယ်။ အဲဒီအခါမှာတော့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန်ကြီးဖြစ်တဲ့ ဘီလ်ရစ်ချတ်ဆန်က မြောက်ကိုရီးယားဟာ ယုံကြည်လို့မရကြောင်း အချိန်မရွေး ပြောင်းလဲသွားနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကို ကျနော် ရှေ့ပိုင်းမှာ ဆောင်းပါးတပုဒ် ရေးသားတင်ပြခဲ့ပြီး ဖြစ်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေ့ဆုံဖို့ ပြင်ဆင်မှုတွေ လုပ်ဆောင်နေခဲ့ပေမယ့် ဒီလို တွေ့ဆုံဆွေးနွေးလိုက်လို့ရော တကယ်တမ်း ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းသွား၊ အမေရိကန်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံ ဆက်ဆံရေး လုံးဝ အဆင်ပြေ ချောမွေ့သွားနိုင်မှာလား ဆိုတာကတော့ ပြောဖို့ အတော်ခက်ခဲသေးတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးကောင်စီ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီတို့မှာ တာဝန်ထမ်းဆောင်ခဲ့သလို အတ္တလန္တစ်ကောင်စီရဲ့ အကြီးတန်းအဖွဲ့ဝင်တဦးဖြစ်တဲ့ ဂျာမီးမက်ဇဲလ်ကတော့ သူ့ရဲ့ ကိုယ်ပိုင်အမြင်ကို သူ့တွစ်တာစာမျက်နှာမှာ ရေးသား တင်ပြထားခဲ့ပါတယ်။ သူက တကယ်လို့သာ သူတို့ရဲ့ ရည်မှန်းချက်ဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား ခြိမ်းခြောက်မှုကို အဆုံးသတ် ဖယ်ရှားပစ်ဖို့ ဖြစ်မယ်ဆိုရင်တော့ အခုစီစဉ်ထားတဲ့ သမ္မတထရမ့်နဲ့ ကင်ဂျုံအန်းတို့ရဲ့ တွေ့ဆုံဆွေးနွေးမှုဟာ သူတို့တွေ့ဆုံမှု မစတင်ခင်ကတည်းကပဲ ပျက်စီးမယ့်သဘော ဖြစ်နေပါတယ်လို့ ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ဝေဖန်ချက်တွေအရ… မြောက်ကိုရီးယားနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးတာဟာ အတွင်းသဘောအရ ဘာမှမမှားပါဘူး။ ဒါပေမယ့် ထရမ့်အစိုးရက အမေရိကန်နဲ့ သူ့မဟာမိတ်တွေရဲ့ အကျိုးစီးပွားကို အနိမ့်ပါးဆုံး ဖြစ်သွားစေပြီး မြောက်ကိုရီးယားရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးစီးပွားကို အမြင့်ဆုံး တိုးမြှင့်သွားစေနိုင်တဲ့ ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းကို တွေ့နေတာလို့ ထင်ရပါတယ်။ တကယ်တော့ အမေရိကန်ဟာ မြောက်ကိုရီးယားနဲ့ ဆက်ဆံဆောင်ရွက်မှုတွေမှာ အကျိုးဆုတ်ယုတ်မှုတွေ ရှိနှင့်ခဲ့ပြီးဖြစ်ပါတယ်။ အကြောင်းကတော့ သမ္မတထရမ့်နဲ့ ကင်တို့ရဲ့ စီစဉ်ထားတဲ့ တွေ့ဆုံမှုစမယ့် ပထမနေ့အတွက်မှာကိုပဲ မြောက်ကိုရီးယားက သူ့အတွက် အကျိုးစီးပွားရှိမယ့်၊ တကယ့် ကောင်းမွန်တဲ့ မဟာဗျူဟာ ချမှတ်ထားခဲ့ပြီးသား ဖြစ်နေပေမယ့် အမေရိကန်ပြည်ထောင်စုဘက်ကတော့ သူ့အကျိုးစီးပွားနဲ့ ကိုက်ညီမယ့် မဟာဗျူဟာ ချမှတ်ထားတာမရှိလို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ မြောက်ကိုရီးယားနိုင်ငံက ဆယ်စုနှစ်နဲ့ချီပြီး တောင့်တနေခဲ့တဲ့ တင်းမာမှုတွေ လျှော့ချရေးနဲ့ ကိုရီးယားကျွန်းဆွယ် စစ်မက်ဖြစ်ပွားနိုင်တဲ့ အခြေအနေကို အဆုံးသတ်ပစ်ဖို့ စတဲ့ လိုက်လျောခွင့်ပြုချက်တွေကို အမေရိကန်ပြည်ထောင်စု အကျိုးစီးပွားအတွက် ဘာမှ မယ်မယ်ရရ မရရှိဘဲ လိုက်လျောပေးခဲ့ရပြီးဖြစ်တယ်လို့ သူကမြင်ပါတယ်။ မြောက်ကိုရီးယားဘက်က ကြည့်မယ်ဆိုရင်တော့ အမေရိကန်နဲ့ ခေါင်းဆောင်ပိုင်း တွေ့ဆုံညှိနှိုင်း ဆွေးနွေးမှုတွေနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးမှုတွေကနေ ရနေတဲ့ လိုက်လျောခွင့်ပြုမှုတွေဟာ ကြီးမားတဲ့ အောင်မြင်ရယူမှုတွေ ဖြစ်ပါတယ်။ အခုအချိန်မှာ ယုံကြည်ရတဲ့ နျူကလီးယား အဟန့်အတားပြုမှုတခုကို ရရှိထားပြီးဖြစ်ပါတယ်။ အဓိကအချက်တခုကတော့ ကင်ရဲ့ အုပ်ချုပ်မှုသက်တမ်းအတွင်း နိုင်ငံတွင်း ထိန်းချုပ်နိုင်မှုနဲ့ တင်းမာမှု လျှော့ချနိုင်ရေးအတွက် မက်လုံးအခွင့်အလမ်းတွေ ရှိနေသလို နိုင်ငံတကာအရ နျူကလီးယာလက်နက် သုံးစွဲရေးအတွက် တန်းတူညီမှု ရရှိနိုင်တဲ့ အခွင့်အလမ်းလည်း ရရှိနိုင်တာပါပဲ။ အဲဒီအကြောင်းကြောင့်ပဲ မြောက်ကိုရီးယားက တောင်၊ မြောက် ကိုရီးယား ၂ နိုင်ငံ  ခေါင်းဆောင်အချင်းချင်းကြား ဟော့လိုင်း တယ်လီဖုန်းဆက်သွယ်မှု၊ နျူကလီးယား စမ်းသပ်မှုနဲ့ တာဝေးပစ်ဒုံးကျည်ပစ်ခတ်မှု ရပ်စဲရေး စတာတွေနဲ့ပတ်သက်ပြီး ယုံကြည်မှုတည်ဆောက်ရေး လုပ်ငန်းဆောင်တာတွေကို ကြေညာထားခဲ့ပြီး ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ နျူကလီးယားစွမ်းအင် အေဂျင်စီရဲ့ အကြိုစစ်ဆေးမှုတချို့ ပြုလုပ်ရေးအတွက်ကိုပါ ညှိနှိုင်းဆွေးနွေးလာစရာလည်း ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအချက်တွေဟာ မြောက်ကိုရီးယားရဲ့ မဟာဗျူဟာကို ပိုပြီး အကျိုးသက်ရောက်မှု ကောင်းစေနိုင်တယ်လို့ ဆိုရပါမယ်။ တကယ်တော့လည်း မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းတွေက နျူကလီးယား လက်နက်ကို သူတို့အစိုးရအုပ်ချုပ်မှု ရှင်သန်ရပ်တည်ရေးအတွက် အခြေခံ မဟာဗျူဟာအဖြစ် ရှုမြင်ထားခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မြောက်ကိုရီးယား ခေါင်းဆောင် ကင်အနေနဲ့ နျူကလီးယား လက်နက်တွေကို ဆက်လက်ကိုင်စွဲ ထိန်းသိမ်းထားရတဲ့ ကုန်ကျစရိတ်ဟာ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်လိုက်ရတဲ့ ကုန်ကျစရိတ်ထက် ပိုများနေတယ် ဆိုရင်တောင်မှ သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို စွန့်လွှတ်လိမ့်မယ် မဟုတ်ဘူးလို့ ယူဆရပါတယ်။ မြောက်ကိုရီးယားကတော့ တကယ်လို့သာ အမေရိကန်ပြည်ထောင်စုက ကင်အစိုးရကို စစ်ရေးအင်အားသုံးပြီး ဖြုတ်ချဖို့ လုပ်လာလိမ့်မယ်၊ တရုတ်နိုင်ငံကလည်း သူတို့နိုင်ငံနဲ့ ကုန်သွယ်မှု ထောက်ပံ့မှုတွေကို လုံးဝ ဖြတ်တောက်ရပ်စဲပစ်လာလိမ့်မယ်လို့ ယုံကြည်ထားသေးသမျှတော့ အထက်ကတင်ပြခဲ့တဲ့ နျူကလီးယားလက်နက် ဆက်လက်ကိုင်စွဲထားရေး မဟာဗျူဟာကိုပဲ ကျင့်သုံးသွားလိမ့်မယ်လို့ ပြောလို့ရပါတယ်။ ဘယ်လိုပဲဆွေးနွေးသည်ဖြစ်စေ မြောက်ကိုရီးယားအပေါ် ဆက်ပြီး လွှမ်းမိုးထားနိုင်ဖို့ရာ အနည်းအပါး အထိအခိုက် အကျအဆုံးခံပြီး အလုံးစုံစစ်ပွဲတခု မြောက်ကိုရီးယားကို ဆင်နွှဲဖို့ ပြင်ဆင်ပြသထားတဲ့ နည်းလမ်းသာ ရှိတဲ့အတွက် အမေရိကန်ကလည်း တကယ်တမ်း မြောက်ကိုရီးယားကို အပြတ်အသတ် တိုက်ခိုက်လိမ့်မယ် မဟုတ်ပါဘူး။ ဒီလိုမျိုး သွေးခင်းတဲ့ စစ်ပွဲခင်းဖို့ မဟာဗျူဟာမျိုးနဲ့ အမေရိကန်ပြည်ထောင်စုက ဒီအချိန်မှာ ဆင်နွှဲလာစရာ အကြောင်းမရှိဘူး ဆိုတာလည်း လူတိုင်းသိရှိထားပြီး ဖြစ်ပါတယ်။ အဲဒါဟာ မြောက်ကိုရီးယားအတွက် အကျိုးကျေးဇူးတခု ဖြစ်နေပါတယ်။ အဲဒီတော့ အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ တကယ်ပဲ အောင်အောင်မြင်မြင် တွေ့ဆုံစကားပြော ညှိနှိုင်းနိုင်ပါ့မလား။ မြောက်ကိုရီးယားရဲ့ မဟာဗျူဟာအရ ပြင်ဆင်ထားမှုနဲ့ သမ္မတထရမ့်ရဲ့ ပြင်ဆင်မှု ပြုလုပ်မထားရသေးဘူးဆိုတဲ့ အခြေအနေအောက်မှာ ဘယ်လိုများ ဖြစ်လာဦးမလဲ။ နိုင်ငံတကာက ပြည်သူလူထုတွေ မျှော်လင့်နေတဲ့ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေး၊ ဒေသတွင်းငြိမ်းချမ်းရေး ဆိုတာတွေကရော စစ်စစ်မှန်မှန် ရရှိနိုင်ပါ့မလား။ အကောင်းမြင်ဘက်ကချည်းပဲ ရှုမြင်ဖို့ မဖြစ်နိုင်တဲ့ သံသယဖြစ်နိုင်စရာ အခြေအနေတွေကလည်း ရာနှုန်းအများစုလို့ ပြောရအောင်တောင် ရှိနေသေးတာကိုလည်း တွေ့ရပါတယ်။ ထရမ့်နဲ့ ကင်တို့ ငြိမ်းချမ်းရေးကို ရှေ့ရှုပြီး စိတ်ရင်းစေတနာမှန်နဲ့ တွေ့ဆုံညှိနှိုင်းနိုင်ကြပါစေလို့ပဲ…..။       ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024