Home
မြန်မာသတင်း
ကျန်းမာရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ဒေါ်လာသန်း ၄၀၀ ခန့်ရရှိသုံးစွဲ
DVB
·
April 23, 2018
  အန်ယ်လ်ဒီအစိုးရ နှစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေထံကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄ဝဝ လောက်ရရှိတယ်လို့  ကျန်းမာရေးနှင့်အားကစား ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကပြောပါတယ်။ အန်အယ်လ်ဒီအစိုးရ ဒုတိယ(၁)နှစ်တာကာလအတွင်း ကျန်းမာရေးနဲ့ အားကစားကဏ္ဍ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ နိုင်ငံပိုင်မီဒီယာနဲ့ တွေ့ဆုံမေးမြန်းရာမှာ ၀န်ကြီးက ပြောသွားတာပါ။ “ကျနော်တို့မှာ ဝန်ထမ်းအင်အား ၁၁ဝ,ဝဝဝ ခန့်ရှိပါတယ်။ နိုင်ငံတော် ခွင့်ပြု ရန်ပုံငွေအနေနဲ့ ဘတ်ဂျက်ငွေကတော့ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ ငွေကျပ်သန်းပေါင်း ၈၈ဝ,ဝဝဝ ရခဲ့တယ်။ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ ငွေကျပ်သန်းပေါင်း ၁,၁၁ဝ,ဝဝဝ ရခဲ့ပါတယ်။ ဒါ့အပြင်WHO, UNICEF, UNFPA, Global Fund, 3MDG, Gavi, ADB အဖွဲ့အစည်းတွေဆီကလည်း အစိုးရ နှစ်နှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၄ဝဝ ခန့် ရရှိပါတယ်။” ဒ့ါအပြင် နိုင်ငံခြားတက္ကသိုလ်တွေ၊ သုတေသနဆိုင်ရာ အဖွဲ့အစည်းတွေ ၁၂၈ ဖွဲ့ထံကလည်း ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အကူအညီတွေရသလို အပြည်ပြည် ဆိုင်ရာ အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ ၆၇ ဖွဲ့နဲ့လည်း ကျန်းမာရေးဆိုင်ရာတွေ ပူးပေါင်းလုပ်ဆောင်ဖို့ နားလည်မှုစာချွန်လွှာ ထိုးထားပြီး ဖြစ်တယ်လို့ဆိုပါတယ်။ နိုင်ငံတ၀န်းမှာ  ၁၆ ခုတင်ဆံ့ကနေ ခုတင် ၂ဝဝဝဆံ့အထိ ဆေးရုံပေါင်း ၁၁၃၄ ရုံ၊ ကျန်းမာရေးဌာန ၁၇၉၆ ခု၊  ကျေးလက်ကျန်းမာရေးဌာနခွဲပေါင်း ၈၄ဝ၆ ခု၊ ဆေးတက္ကသိုလ်နဲ့ ဆေးဘက်ဆိုင်ရာတက္ကသိုလ်ပေါင်း ၁၆ ခုနဲ့  သားဖွားနဲ့ သူနာပြုကျောင်း ၅ဝ ရှိတယ်၊ အစိုးရနှစ်နှစ်တာကာလအတွင်းမှာ ပြင်ပလူနာပေါင်း ၂၆ သန်း၊ အတွင်းလူနာပေါင်း ၅ ဒသမ ၆ သန်းကို ကုသပေးနိုင်ခဲ့ပြီး  မြေပြင်ကွင်းဆင်း ကုသပေးနိုင်မှု အကြိမ်ရေ ၂၁ သန်းကျော် လုပ်ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ အစိုးရနှစ်နှစ်တာကာလအတွင်းမှာ ဝန်ထမ်းသစ်ပေါင်း ၂၁၆,၅၂ ဦး ခန့်ခဲ့ရာမှာ ဆရာဝန် ၂၇၂၈ ဦး၊ သူနာပြု ၃၆၅၄ ဦး၊ သွားဘက်ဆိုင်ရာ ဆရာဝန် ၄၃၄ ဦး၊ ဆေးဘက်ကျွမ်းကျင်ပညာရှင် (ဓာတ်မှန်၊ အကြော၊ ဆေးဝါး၊ မျက်မှန်၊ စာရင်းအင်းမှူး) ၁၁ဝ၆ ဦး၊ ကျန်းမာရေးမှူး ၃ဝဝ၊ ကျန်းမာရေး ကြီးကြပ်(၂) ၃ဝဝဝ နဲ့ အခြားအမှုထမ်းတွေလည်း ပါဝင်တယ်လို့ ၀န်ကြီးက ပြောပါတယ်။ လူနာတွေအတွက် နှစ်နှစ်အတွင်းမှာ  ငွေကျပ် ၂၇၄ ဘီလီယံဖိုးလောက် ဆေးဝယ်တဲ့အပြင် ခေတ်မီဆေးပစ္စည်း၊ စက်ကိရိယာတွေအတွက် ငွေကျပ် ၁၃၈ ဘီလီယံခန့် အကုန်အကျခံ ဝယ်ပေးခဲ့တယ်လို့လည်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ မိခင်သေဆုံးမှုနှုန်းလျော့နည်းကျဆင်းခဲ့ပြီး  HIV ရောဂါ ဖြစ်ပွားမှုနှုန်းရော၊ သေဆုံးမှုနှုန်းပါကျဆင်းခဲ့သလို TB ရောဂါနဲ့ ငှက်ဖျား ရောဂါတွေမှာလည်း သေဆုံးမှု၊ ဖြစ်ပွားမှုနှုန်းတွေ အကုန်ကျဆင်းခဲ့တယ်လို့ ၀န်ကြီးကဆိုပါတယ်။ အားကစားကဏ္ဍနဲ့ ပတ်သက်ပြီးလည်း လက်ရှိ ရန်ကုန်မြို့ တာမွေမြို့နယ် ကျိုက္ကဆံကွင်းနဲ့ ပြည်သူ့ရင်ပြင်၊ သခင်မြ ပန်းခြံမှာ အမျိုးသမီးအင်အားတစ်ထောင်နဲ့ လေ့ကျင့်ခန်းလုပ်နေကြသလို တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ မြို့နယ်တိုင်းမှာလည်း ပြည်သူလူထုတွေ လေ့ကျင့်ခန်း လုပ်နိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ ဓာတ်ပုံ-MOI
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024