PFA တနှစ်တာ အကောင်းဆုံးကစားသမားဆု ဆာလက် ဆွတ်ခူး

PFA တနှစ်တာ အကောင်းဆုံးကစားသမားဆုရတာဟာ ကြီးမားတဲ့ အောင်မြင်မှုတခု ဖြစ်တယ်လို့ လီဗာပူးကစားသမား ဆာလက်က ပြောကြားလိုက်ပါတယ်။ ဆာလက်ဟာ မနေ့ညက ကျင်းပခဲ့တဲ့ ပရော်ဖက်ရှင်နယ် ဘောလုံးသမားများ အဖွဲ့အစည်း (PFA) က ချီးမြှင့်တဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုကို ရခဲ့တာပါ။ ဆာလက်အနေနဲ့ ဒီဆုအတွက် မန်စီးတီးက ဒီဘရိုင်းနဲ့ အဓိက ယှဉ်ပြိုင်ခဲ့ပြီးမှ ရယူနိုင်ခဲ့တာပါ။ ဒီဆုဟာ ကစားသမားအချင်းချင်းကနေ ရွေးချယ်ပြီး ချီးမြှင့်တဲ့ဆု ဖြစ်တာကြောင့် ထူးခြားမှုရှိပြီး ဂုဏ်ယူစရာကောင်းတဲ့ဆု ဖြစ်တယ်လို့ ဆာလက်က ဆိုပါတယ်။ ဒါ့အပြင် ချဲလ်ဆီးအသင်းမှာ ရှိစဉ်ကတည်းက ဒီလို အောင်မြင်မှု ရယူလိုတာဖြစ်ပြီး လီဗာပူးနဲ့အတူ ပရီးမီးယားလိဂ်ကို ပြန်လာတဲ့အချိန်မှာ အရင်ခြေစွမ်းထက် ပိုကောင်းလာခဲ့တယ်လို့လည်း ဆာလက်က ဆိုပါတယ်။ ဆာလက်ဟာ အီဂျစ်ကစားသမားတဦး အနေနဲ့ ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံး ကစားသမားဆုကို ပထမဆုံးအကြိမ် ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆုကို ၂၀၁၄ ခုနှစ်မှာ ဆွာရက်ဇ် ရယူခဲ့ပြီးနောက် ၇ ယောက်မြောက် လီဗာပူးကစားသမားအဖြစ်လည်း ဆာလက် မှတ်တမ်းဝင်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up