ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းပေးရေး ဆန္ဒပြ
Aung Aung Naing
·
April 23, 2018
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ဒဟတ်တောအုပ်စု၊ အောင်သပြေကျေးရွာအနီး က ကျောက်မီးသွေးစွမ်းအင်သုံး (မြင့်) ဘိလပ်မြေစက်ရုံကို ဖျက်သိမ်းပေးဖို့ အောင်သပြေကျေးရွာ ဒေသခံတွေက ဆန္ဒပြတောင်းဆိုပါတယ်။
ဆန္ဒပြပွဲဦးဆောင်သူ ဦးရွှေအုန်းက “ကျနော်တို့ အောင်သပြေကျေးရွာရဲ့ ခြံစည်းရိုးကို ကပ်ပြီး ကျောက်မီးသွေးစွမ်းအင်သုံး(မြင့်)ဘိလပ်မြေ ကုမ္ပဏီက လာရောက်တည်ဆောက်နေတဲ့ အတွက် သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးပြီး စက်သံတွေက ဆူညံနေတယ်။ ရွာက သက်ကြီးရွယ်အိုတွေ ကျောင်းသူကျောင်းသားတွေ ညတိုင်း အိပ်မရကြဘူး။ စက်ရုံပြီးသွားရင်လည်း အနံ့ဆိုးတွေ အမှုန်အမွှားတွေကျလာမှာတွေကြောင့် ဒေသခံတွေ ကျန်းမာရေးထိခိုက်မယ်။ ဒါကြောင့်ပါ ”လို့ ပြောပါတယ်။
ဒ့ါအပြင် အစိုးရဂုဏ်သိက္ခာကို ထိခိုက်အောင်ပြောဆိုနေတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးကို ဖြုတ်ချပြီး အရေးယူပေးဖို့နဲ့ အောင်သပြေကျေးရွာ ဆိုင်းဘုတ်ကို ဖျက်စီးတဲ့သူကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့ ရွာသားတွေကတောင်းဆိုပါတယ်။
အောင်သပြေကျေးရွာသား ၂၀၀ကျော်ဟာ တရားဥပဒေစိုးမိုးရေး ဒို့အရေး၊ အစိုးရပုံရိပ်ကို ထိခိုက်အောင်ပြောဆိုနေတဲ့ အုပ်ချုပ်ရေးမှူးအား အရေးယူပေးရေး ဒို့အရေး၊ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံအပြီးအပိုင် ဖျက်သိမ်းပေးရေး ဒို့အရေး၊ အောင်သပြေကျေးရွာမှ ကြိုဆိုပါ၏ ဆိုင်းဘုတ်ဖျက်ဆီးသူတွေကို ဥပဒေအရထိရောက်စွာအရေးယူပေးရေး ဒို့အရေး၊ ဖွံ့ဖြိုးရေးလမ်းဘေးမှ စိုက်ပျိုးထားတဲ့ သစ်ပင်တွေ ခုတ်လှဲတာကို အရေးယူပေးရေး စတဲ့ကြွေးကျော်သံ ၅ ချက်ကို နန်းဦးလွင် ကျေးရွာထိပ်ကနေ ပုသိမ်ကြီးမြို့မှကြိုဆိုပါ၏ ဆိုင်းဘုတ်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။