Home
မြန်မာသတင်း
ကြူကုတ်ပန်ဆိုင်းတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွား
နန်းမြနဒီ
·
April 23, 2018
  ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ ကြူကုတ်ပန်ဆိုင်းမြို့မှာ ယမန်နေ့  မွန်းလွဲပိုင်း တစ်နာရီလောက်က မိုင်းတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ပန်ဆိုင်းရဲစခန်းကသိရပါတယ်။ ကြူကုတ်ပန်ဆိုင်းမြို့၊ ရပ်ကွက် ၅ ရှိ ဆေးရုံအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရတဲ့အတွက် အခင်းဖြစ်ပွားရာနေရာကို သွားရောက်စစ်ဆေးရာမှာ အဝေးထိန်း မိုင်းပေါက်ကွဲတာဖြစ်ပြီး  ကားမှန်စတွေ ကျကွဲနေတာလည်း တွေ့ရှိရတယ်လို့ ပန်ဆိုင်းမြို့နယ်ရဲစခန်း နယ်ထိန်းရဲအုပ် ဖြိုးဝေအောင်က ဒီဗွီဘီကို ပြောပါတယ်။ “ဖြစ်တဲ့နေရာက ဆေးရုံရဲ့ အောက်ဘက် အရှေ့အရပ်ဘက်လောက်ကျပါတယ်။ မြို့အနေအထားက တောင်ကုန်းတွေပေါ်မှာဆိုတော့ ကုန်းဆင်းနားလောက်မှာဖြစ်တာ။ ကျနော်တို့ သွားကြည့်တော့ မိုင်းစနဲ့ ကားမှန်တွေ ကျကွဲနေတာတွေ့တယ်။ ရီမုတ် အဝေးထိန်းမိုင်းဖြစ်ပြီး ကားကိုတော့ မတွေ့ရတော့ဘူး။   ကားရှေ့မှန်ထိခိုက်သွားတယ်လို့ ယူဆရပါတယ်။ ကျနော်တို့လည်း လောလောဆယ် အစအနတွေကောက်ယူ မှတ်တမ်းတင်ပြီး အထက်ကို အစီရင်ခံတင်ထား တာဘဲရှိတယ်။ တရားခံရှာဖွေနိုင်ဖို့ကတော့ ခက်ခဲပါတယ်ခင်ဗျ။ ဘယ်သူ့ကား တိုက်ခိုက်ခံရလဲဆိုတာ ရဲစခန်းကို လာတိုင်တာလည်း မရှိဘူး။ ဘာကြောင့် မိုင်းခွဲတယ်ဆိုတာလည်း ခန့်မှန်းရ ခက်ပါတယ်။ ဒီဒေသမှာ လက်နက်ကိုင်အဖွဲ့ပေါင်းစုံတယ်။” ကြူကုတ်ပိုင်ဆိုင်းဒေသမှာ ရဲဝန်ထမ်းအင်အားနည်းသလို အခြားလက်နက်ကိုင် အဖွဲ့တွေလည်း လှုပ်ရှားနေတာကြောင့် သတိဝီရိယနဲ့ သာနေထိုင်နေကြကြောင်း၊ မြို့ခံတွေအနေနဲ့ ည ၈ နာရီနောက်ပိုင်း  အိမ်ထဲမှာဘဲ ကိုယ်စီနေကြပြီး လမ်းပေါ်မှာ လူသွားလူလာ မရှိသလောက်ဘဲလို့ နယ်ထိန်းရဲက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024