ဒုတိယပိုင်းသွင်းဂိုးများဖြင့် အာဆင်နယ်က ဝက်စ်ဟမ်းကို အနိုင်ယူ (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ်ပွဲစဉ် ၃၄ အဖြစ် အာဆင်နယ်နဲ့ ဝက်စ်ဟမ်းတို့ မနေ့က ယှဉ်ပြိုင်ရာ အာဆင်နယ်က ၄ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ အာဆင်နယ်ဟာ လာမယ့်ကြားရက်မှာ အရေးကြီးတဲ့ပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ်နဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ကစားဖို့ရှိတဲ့အတွက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲ တချို့ လုပ်ခဲ့ပါတယ်။ တိုက်စစ်မှူး အော်ဘာမီယန်းကို အရန်အနေနဲ့ပဲ ထည့်သွင်းခဲ့သလို အဓိက ကွင်းလယ်လူ အိုဇေးလ်လည်း အဖျားရောဂါကြောင့် ပါဝင်မကစားနိုင်ဘဲ ဂိုးသမား ပီတာဆက်ခ်ျ၊ ဝီလ်ရှီးယား၊ ကိုလာစီနက်တို့လည်း ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်ခဲ့တာပါ။ အာဆင်နယ်ဟာ တိုက်စစ်မှာ လာကာဇက်တီ၊ ဝဲလ်ဘက်အတွဲနဲ့ ပွဲထွက်ခဲ့ပြီး အိုင်ဝိုဘီ၊ ရှာခါ၊ အယ်လ်နန်နီ၊ ရမ်ဆေး ကွင်းလယ်အတွဲနဲ့ ခံစစ်မှာတော့ မွန်ရီယယ်၊ ကိုစီယယ်နီ၊ မူစတာဖီ၊ ဘယ်လာရင်တို့ကို အသုံးပြုခဲ့သလို ဂိုးသမားအဖြစ် အော့စ်ပင်နာနဲ့ ပွဲထွက်ခဲ့ပါတယ်။ တဖက်နဲ့တဖက် အပြန်အလှန်ကစားခဲ့ပေမယ့် အာဆင်နယ်တိုက်စစ်မှူး ဝဲလ်ဘက် အခွင့်အရေးတချို့ အသုံးမချနိုင်လို့ ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့တာပါ။ အာဆင်နယ်ဟာ ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့်အသာစီး ရယူနိုင်ခဲ့ပြီး အနိုင်ဂိုးတွေကို ဒုတိယပိုင်းကျမှ သွင်းနိုင်ခဲ့တာပါ။ အာဆင်နယ်အတွက် ပွဲချိန် ၅၁ မိနစ်မှာ မွန်ရီယယ်၊ ၈၂ မိနစ်မှာ ရမ်ဆေး၊ ၈၅ နဲ့ ၈၉ မိနစ်တွေမှာ တိုက်စစ်မှူး လာကာဇက်တီတို့က အသီးသီး သွင်းယူပေးခဲ့ပါတယ်။ ဝက်စ်ဟမ်းအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ပွဲချိန် ၆၄ မိနစ်မှာ အာနော်တိုဗစ်က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ အာဆင်နယ်က ရမှတ် ၅၇ မှတ်နဲ့ အဆင့် ၆ မှာ ဆက်လက်ရပ်တည်နေပြီး ဝက်စ်ဟမ်းကတော့ ၃၅ မှတ်နဲ့ အဆင့် ၁၅ မှာ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up