Home
မြန်မာသတင်း
တခြားတိုင်းရင်းသားများလို တန်းတူအခွင့်အရေး ရလိုကြောင်း မြိုတိုင်းရင်းသားများ တောင်းဆို
DVB
·
April 22, 2018
  အဘက်ဘက်က နိမ့်ကျနေတဲ့ လူမှု စီးပွားရေး အခြေနေတွေမှာ တခြားတိုင်းရင်းသားတွေလို တန်းတူအခွင့်အရေး ရလိုကြောင်း မြို့တိုင်းရင်းသားတွေက တောင်းဆိုလိုက်ပါတယ်။ ဧပြီ ၂၁ နေ့က ကျောက်တော်မြို့နယ် မြိုတိုင်းရင်းသားတွေ ရှိတဲ့ လေကွီကျေးရွာမှာ ကျင်းပခဲ့တဲ့ မြိုတိုင်းရင်းသားများ၏ အမျိုးသားနေ့မှာ တောင်းဆိုခဲ့ကြတာပါ။ မြိုတိုင်းရင်းသားတွေ အချင်းချင်း ချစ်ခင်ရင်းနှီးမှု တိုးလာစေဖို့ မြိုလူငယ်တွေ မျိုးချစ်စိတ် ထက်သန်လာစေဖို့ တိုင်းရင်းသားအချင်းချင်း အပြန်အလှန် အသိအမှတ်ပြု လေးစားချစ်ခင်စေဖို့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပခဲ့တာပါ။ မြိုသာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဇဏီဖြူ က ”လူမျိုးတိုင်းမှာ နေ့ထူးနေ့မြတ် အမျိုးသားနေ့ကို သတ်မှတ်ကျင်းပကြတယ်။ ကျနော်တို့ ရှေးကျတဲ့မျိုးနွယ် မြိုလူမျိုးတွေမှာလည်း အမျိုးသားနေ့ ရှိသင့်တယ်လို့ ဆုံးဖြတ်ကြပြီး အသက်မွေးဝမ်းကျောင်း တောင်ယာလုပ်ငန်းစတဲ့ ဒီအချိန် ကဆုန်လဆန်း ၇ ရက်နေ့ကို သတ်မှတ်ကျင်းပတာပါ” လို့ ပြောပါတယ်။ မြိုတိုင်းရင်းသားတွေဟာ တောတောင်ကို အမှီပြုပြီး နေထိုင်ကြသူတွေ ဖြစ်တဲ့အတွက် အဘက်ဘက်က နိမ့်ကျနေတဲ့ လူမှုရေး စီးပွားရေး အခြေအနေတွေကို တခြားတိုင်းရင်းသားတွေနဲ့ တန်းတူ အခွင့်အရေးရရှိဖို့ မျှော်လင့်ကြတယ်လို့ မြိုတိုင်းရင်းသားတွေက ပြောပါတယ်။ ”နိုင်ငံတော်ကပေးတဲ့ အခွင့်အရေးတွေလည်း လိုချင်ပါတယ်။ ဆေးပေးခန်းမရှိဘူး။ အလယ်တန်းကျောင်း မရှိဘူး။ ဆေးခန်းမသွားနိုင်ဘဲ သေဆုံးခဲ့ရတဲ့သူတွေ အများကြီး။ ဒါတွေကို အခု အမျိုးသားနေ့ကနေ အစိုးရကို သိစေချင်ပါတယ်”လို့ လေကွီရွာ တာဝန်ခံလူကြီး ဦးမောင်မြက ပြောပါတယ်။ “ကားလမ်းမပေါက်သေးတာ ထားပါတော့။ ကျနော်တို့ အုပ်စုထဲမှာ ဖုန်းအလုံး ခြောက်ထောင်လောက်ရှိမယ်။ လိုင်းမမိတော့ တောင်ပေါ်တွေတက် လိုင်းမိနဲ့နေရာရှာပြီး ဆက်သွယ်နေရတယ်။ ဖုန်းလိုင်းတွေမိအောင် လုပ်ပေးစေချင်တယ် လို့ လူငယ်တဦးဖြစ်တဲ့ ကိုစံကောင်းက ပြောပါတယ်။” ခမောင်းကျေးရွာသူ မလှဝင်းကလည်း ”မြိုတိုင်းရင်းသားတွေက် အဘက်ဘက်က နိမ့်ကျနေတယ်။ ပညာသင်ကြားခွင့် မရဘူး။ ကျန်းမာရေးနိမ့်ပါးတယ်။ မြိုမဟုတ်တဲ့ လူမျိုးတွေက မြိုလူမျိုးနာမည်ခံယူလာလို့ အခွင့်အရေး နစ်နာမှုတွေ ရှိနေတာကလည်း အရမ်းစိုးရိမ်ရတယ်။ သက်ဆိုင်ရာကသိဖို့ အမျိုးသားနေ့က တောင်းဆိုပါတယ်” လို့ ပြောပါတယ်။ မြိုအမျိုးသားနေ့ကို သတ်မှတ်ကျင်းပတာ သုံးကြိမ်ပဲရှိသေးပြီး မြိုတိုင်းရင်းသားတွေ နေထိုင်တဲ့ မြို့နယ်တွေမှာ အလှည့်ကျ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။ ဒီနှစ်ပွဲမှာ ရခိုင်၊ ခမီ၊ သက္ကမ၊ သက်နဲ့ ချင်းမျိုးနွယ်စုဝင် တိုင်းရင်းသား ယဉ်ကျေးမှု ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။ မြိုတိုင်းရင်းသားတွေဟာ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေက တောင်တန်းဒေသတွေမှာ ပြန့်ကျဲ နေထိုင်ကြပြီး လူဦးရေ သုံးသောင်းခန့် ရှိတယ်လို့ သိရပါတယ်။   သတင်း၊ ဓာတ်ပုံ - ကိုအောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024