Home
ဆောင်းပါး
ICC နှင့် မြန်မာပြည်သို့ ဦးတည်လာနိုင်မည့် မြားနှစ်စင်း
DVB
·
April 21, 2018
International Criminal Court (ICC) မှ ဆွဲချရှေ့နေ Fatou Bensouda က မြန်မာ-ဘင်္ဂလားဒေရှ် နယ်စပ်ရောက် ရိုဟင်ဂျာဒုက္ခသည်များ အရေးနှင့်ပက်သက်၍ အရေးပေါ်စုံစမ်း စွဲချက်တင်နိုင်ရန် (09-April-2018) ရက်နေ့က တင်သွင်းလိုက်ခြင်းနှင့် မြန်မာအစိုးရမှ ပြန်လည်တုံ့ပြန်ချက်ကို လေ့လာချက်အရ နှစ် (၇၀) အရင်က နိုင်ငံတကာ စာမျက်နှာမှာ ရင်ကော့ခေါင်းမော့ခဲ့ရတဲ့ မြန်မာပြည်အနေနဲ့ ဒီကနေ့ နှာခေါင်းဖော် အသက်လုရှူနေရတဲ့ အခြေအနေကို မြင်တွေ့ရသည်မှာ လွန်စွာစိတ်မကောင်းဖြစ်ရသည်။ Fatou Bensouda လျှောက်ထားချက်။ ၁) ICC အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းသို့ ထွက်ပြေးလာသော ဒုက္ခသည်များသည် ၂) မြန်မာဘက်မှ အတင်းအဓမ္မနှင်ထုတ်ခံရခြင်းဖြစ်သဖြင့်(Rome Statue Article 7-1-d : Deportation of forcible transfer of population) ကို အခြေခံပြီး မြန်မာနိုင်ငံအား စွဲချက်တင်ရေးဟု ပါရှိသည်။ မြန်မာအစိုးရဘက်မှလည်း (ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သည့်အတွက် မြန်မာနိုင်ငံအပေါ် တရားစွဲခွင့်မရှိကြောင်း၊ နေရပ်စွန့်ခွာသွားသော ရခိုင်ပြည်ဒေသခံ မွတ်ဆလင်များအား စိစစ်ပြီး ပြန်လည်လက်ခံနိုင်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း) ပြန်လည်ချေပချက်များကို တွေ့ရှိရသည်။ ပထမမြားတစ်စင်း အရပ်စကားနှင့်ဆိုရလျှင် ICC ဆိုသည့်ရပ်ကွက်တွင် ဘင်္ဂလားဒေ့ရှ် ပါရှိပြီး အိမ်နီးချင်းဖြစ်သော မြန်မာ မပါရှိပေ။ Fatou Bensouda ရဲ့လျှောက်ထားချက်သည် အောက်ပါအချက် ၂ ချက် တို့ကို အခြေခံသည်။ ၁) အဖွဲ့ဝင်နိုင်ငံ) "…the      most     serious  crimes committed in their      territories     or         by         their            nationals…" (Understanding ICC-page-6) ၂) နှင်ထုတ်ခြင်း "Article 7: Crime against Humanity… Deportation of forcible transfer of population"    (Rome Statue     Article 7-1-d) ဤနေရာတွင် ဘင်္ဂလားဒေ့ရှ်သည် အဖွဲ့ဝင်နိုင်ငံအဖြစ် မှန်ကန်သော်လည်း မိမိတို့နိုင်ငံအတွင်းမှ လူအုပ်ကြီးအား အတင်းအဓမ္မ နှင်ထုတ်ခဲ့ခြင်း ရှိမရှိ ဆိုသည့် အသွင်သက်ရောက်နေသည်။ ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်မျိုး သက်ရောက်နေသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ သူ့နိုင်ငံသားများအား အတင်းနှင်ထုတ်ခြင်းမျိုး ရှိသည်မဟုတ်ပဲ မြန်မာဘက်မှ ဒုက္ခသည်များကို ခိုလှုံခွင့် ပေးထားရသည့် အခြေအနေသာ ဖြစ်သည့်အတွက် ထိုလျှောက်ထားချက်ကို ICC ၏ လုပ်ပိုင်ခွင့်အာဏာအရ စိစစ်စုံစမ်းခွင့် ရှိမရှိ ခုံရုံးမှ ဆုံးဖြတ်မည်။ အကယ်၍ ICC ခုံရုံးမှ စုံစမ်းမည်ဟု ဆုံးဖြတ်ပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကိုသာ စုံစမ်းစစ်ဆေးနိုင်သည်။ စုံစမ်းချက်အရ ထွက်ပြေး ဒုက္ခသည်များသည် အိမ်နီးချင်းမြန်မာဘက်မှဟု အတည်ပြုပြီး  Article 7-1-d နှင့် အကျုံးဝင်ပါက ICC အဖွဲ့ဝင်နိုင်ငံမဟုတ်သည့် မြန်မာနိုင်ငံအပေါ် တရားဆွဲခွင့် ရရှိရေး မြန်မာအစိုးရ၏ ခွင့်ပြုချက်ကို တောင်းခံရမည်။ "..a State not party to the Statute may decide to accept the jurisdiction of the ICC." (Understanding ICC-page-4) အထက်ဖော်ပြပါ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ICC မှ စွဲချက်တင်နိုင်ချေမရှိဟု ဆိုနိုင်သော်လည်း လက်ရှိ နိုင်ငံတကာ ဖိအားများကြောင့် အဖွဲ့ဝင်နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို စုံစမ်းခြင်း၊ အချက်အလက်များ စုဆောင်းခြင်းမျိုး ပြုလုပ်ပြီး ထိုအထောက်အထားများအား UN Security Council သို့ တင်ပြစွဲချက်တင်နိုင်ရေး ခွင့်ပြုချက်တောင်းခံနိုင်သည့် မြားတစ်စင်း ဖြစ်လာနိုင်သည်။ ဒုတိယမြားတစ်စင်း UN Security Council (UNSC) တွင် မြန်မာ့အရေး ICC ကို လွှဲပြောင်းပေးဖို့ ဆွေးနွေးကြပြီဆိုပါစို့။ အတည်ပြုခွင့်ကို VETO အာဏာဖြင့်ပယ်ချမည့် ရုရှားနှင့် တရုတ် တို့က အသင့်ကြိုဆိုလျက်။ ယခင့်ယခင်လည်း UNSC မှာ မြန်မာ့အရေးဆွေးနွေး ဆုံးဖြတ်တိုင်း ကျေးဇူးရှင် ရုရှားနှင့် တရုတ် တို့မှ VETO သုံးခဲ့ကြသည်။ မြန်မာပြည်အပေါ် International Sanctions နှင့် ပြည်တွင်းမငြိမ်သတ်မှုကြောင့် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များ ရှောင်ရှားနေခဲ့ချိန် VETO ပါဝါ သုံးကာကွယ်ပေးနေသော တရုတ်၏ စီးပွားရေးများစွာ မြန်မာပြည်တွင်း ပိုမိုကျယ်ပြန့်စေခဲ့သည်မှာမလွဲ။ ဥပမာ- မြစ်ဆုံရေကာတာ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ကျောက်ဖြူ-ကူမင်း ရေနံ-ဂက်စ် တင်ပို့မှုဆိုင်ရာ၊  ရခိုင်ကမ်းလွန် ရေနက်ဆိပ်ကမ်းလုပ်ပိုင်ခွင့်၊ လယ်ယာမြေများ၊ သစ်-ကျောက်-တောင်-မြေကြီး-အဖိုးတန် သယံဇာတများ- Live stocks များ မြန်မာပြည်မှ တရုတ်သို့ အဆက်မပြတ် တင်ပို့လျက်ရှိခြင်းတို့ဖြစ်သည်။ မြန်မာပြည်သို့ ငွေများ လှိမ့်ဝင်လာသည်ဟု ယေဘူယျအားဖြင့် မြင်နိုင်ပေမယ့် ဆိုးကျိုးကတော့မနည်း။ ဆိုးကျိုး
  • မြန်မာ့အမျိုးကောင်းသားသမီးများ လူကုန်ကူးခံနေရမှု၊
- မြန်မာပြည်တွင်းသို့ အလုံးအရင်းဝင်လာမစဲသော ပြည်မ တရုတ်များနှင့် ယူနန်မန္တလေးဟုပင် ခေါ်တွင်လာမှု၊ -ပြည်တွင်းသို့ တင်သွင်းလာသော၊ ပြည်တွင်း၌ လာရောက်ထုတ်လုပ်သော   စားသောက်ကုန်၊ လူသုံးကုန်များအား ပြည်သူများအတွက် အန္တရယ် chemical/toxic များ ပါဝင်မှု ရှိမရှိ ထိထိရောက်ရောက် စစ်ဆေးခြင်းမျိုး လွန်စွာအားနည်းသောကြောင့် နေ့စဉ်နှင့်အမျှ ပြည်သူများ၏ ကျန်းမာရေးဆိုးရွားလာနေမှု၊ - သစ်ပင်တောတောင်များ ပြုန်းလာမှုကြောင့် အပူလွန်ကဲပြီး ရာသီဥတုဖောက်ပြန်လာမှု၊ -မြန်မာပြည်အတွက် ချေးငွေများထုတ်ပေးရင်း တရုတ် ရဲ့ Debt-Trap Policy ထဲ ၀င်သွားနိုင်မှု (ဥပမာ-လက်ရှိ တရုတ်၏ Debt-Trap Policy ထဲမှာ ပိတ်မိနေတဲ့ သီရိလင်္ကလာအပါအ၀င် ၈ နိုင်ငံရှိနေပြီဖြစ်သည်)၊ -လုပ်ငန်းလုပ်ကိုင်ခွင့် အလျင်စလို ခွင့်ပြုခဲ့ပြီး ဆိုးကျိုးပေးနိုင်မည့် အခြေအနေများကို နည်းစနစ်ကျကျ အချိန်ယူ လေ့လာခဲ့ခြင်းမျိုး မရှိခဲ့ခြင်းကြောင့် ပြည်သူများ ဆန္ဒဖော်ထုတ်နေရမှု၊ (ဥပမာ- မြစ်ဆုံရေကာတာ၊       လက်ပံတောင်းတောင် ကြေးနီစီမံကိန်း)၊ - ရခိုင်ပြည်ဒေသတွင်း တစ်နေ့တစ်ခြား တိုးပွားလာသော တရုတ် ရင်းနှီးမြှုပ်နှံမှုကြီးများတွင် တရုတ်များသာ အလုပ်ခန့်ထားပြီး ဒေသခံများ အလုပ်အခွင့်အလန်း နည်းပါးခြင်း၊ ဒေသဖွံ့ဖြိုးရေးများ အားနည်းခြင်း၊       ငါးဖမ်းခွင့် နေရာများ ကန့်သတ်လာခြင်း၊  လယ်ယာမြေများစွာ အသိမ်းခံလိုက်ရခြင်းတို့ ဖြစ်ပေါ်နေမှုကြောင့်  ဒေသခံများ လွန်စွာ စိတ်မသက်သာဖြစ်လျက်ရှိ။ - ရခိုင်ပြည်တွင်း China Project ကြီးများ အလုံးအရင်းဝင်လာချိန် လူ့အဖွဲ့အစည်းနှစ်ခုအကြား တိုက်တိုက်ဆိုင်ဆိုင် ပဋိပက္ခများ တိုးပွားခဲ့မှု၊ ….စသည့် ဆိုးကျိုးများကို လေ့လာမိသည်။ မြန်မာအခက် တရုတ်အချက် တရုတ်ပြည်တိုးတက်ရေးအတွက် မြန်မာပြည်သည် အဓိကကျသည့် Strategic နိုင်ငံတစ်ခုဖြစ်သည်မှာ အသေချာ။ အခုလည်းပဲ VETO သုံးပေးရ၍ မြန်မာအစိုးရထံမှ တောင်းဆိုမည့် မြားတစ်စင်းလာနိုင်ဦးမည်။ ကြီးမားသည့် ပေးဆပ်မှုကို မြန်မာဘက်က ပြုလုပ်ရဦးမည်။ လိုလို မလိုလို ပြည်ပစစ်အင်အားစုရန် ရှိရှိ မရှိရှိ ရုရှားနှင့် တရုတ်ထံမှ   စစ်ဖက်ဆိုင်ရာပစ္စည်းများ ၀ယ်နေရဦးမည်။ ပြည်တွင်းစစ်များတွင် ထိုလက်နက်များ သုံးနေပေဦးမည်။ စစ်မီးလျှံတွေကြား အပြစ်မဲ့ပြည်သူတွေ အသက်လု ပြေးနေရဦးမည်။ ထိုစစ်လက်နက်များဝယ်ရဖို့ နိုင်ငံတော်မှ ဘတ်ဂျတ်ကြီးများ တောင်းဆိုသုံးစွဲရဦးမည်။ တိုင်းပြည်၏ ဘက်စုံဖွဲ့ဖြိုးရေးဏ္ဍများအတွက် သုံးစွဲရမည် ငွေကြေးဘတ်ဂျတ်များ လျှော့ပါးနေပေဦးမည်။ ရပ်စိုင်းထားသော မြစ်ဆုံ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပြန်လည်ပတ်နိုင်ရေး အပါအ၀င် တရုတ် စောင့်မျှော်နေသည့် project ကြီးများကို        "မြန်မာအခက်-တရုတ်အချက်" ဆိုသလို ခွင့်ပြုပေးရေး တောင်းဆိုလာပေဦးမည်။ လက်ရှိအခြေအနေတွင်- UNSC မှာ တာဝန်ရှိပုဂ္ဂိုလ်များ ၂၀၁၈  ဧပြီလကုန်ပိုင်း ရခိုင်ပြည်မတည်ငြိမ်မှုနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားသော ရခိုင်ပြည်ဒေသမှ မွတ်ဆလင်များကိစ္စအား လာရောက်ကြည့်ရှု စစ်ဆေးမည်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း UNSC မှ မြန်မာအား ICC ခုံရုံးတင်ဖို့ အကြိတ်အနယ် တိုက်တွန်းနေသည်။ ICC တင်ရေး ပေါ်လာမလား (သို့တည်းမဟုတ်) UNSC မှ တရုတ် Veto ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမည်။ သေချာသည်ကတော့ မြန်မာပြည်သို့ မြား ၁ စင်း မုချဧကန် ဦးတည်လာနိုင်ပြီ။ ဖြေရှင်းနိုင်သည့်နည်းလမ်း မြန်မာအစိုးရ အကြပ်အတည်းအတွက် တစ်ခုတည်းသော ဖြေရှင်းနိုင်သည့် နည်းလမ်းမှာ လက်ရှိဦးတည်လုပ်ဆောင်နေသည့် ရခိုင်ပြည်မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ နေရပ်စွန့်ခွာသွားသော ဒေသခံမွတ်ဆလင်များအား မှန်ကန်ကြောင်းစိစစ်ပြီး ပြန်လည်နေရာချထားပေးနိုင်ရေး၊ လူသားချင်းစာနာသည့် အကူအညီပေးခြင်း၊ သဟဇာတဖြစ် လူ့အဖွဲ့အစည်းဖန်တီးနိုင်ရေး၊ စသည့် အပြုသဘောဆောင်သော လုပ်ငန်းဆောင်တာများကို ဆက်လက်ထိရောက်စွာ လုပ်ဆောင်ရပေမည်။ သို့မှသာ ရခိုင်ပြည် အေးချမ်းသာယာတိုးတက်မှု ရှိလာနိုင်ပြီး ချွတ်ခြုံကျနေသည့် ပြည်သူ့ဘ၀များကို မြားဒဏ်သင့်ခံရမည့် အခြေအနေမှ ကင်းဝေးအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပါကြောင်း။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024