Home
မြန်မာသတင်း
ချင်းတွင်းသင်္ကြန်ပြုလုပ်ခဲ့သည့် သဲသောင်ပြင်တွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်
DVB
·
April 21, 2018
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ဦးဆောင်ပြုလုပ်ခဲ့တဲ့ မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်မှာ သင်္ကြန်ပြီးသွားပြီး ၄ ရက်လောက်ကြာတဲ့အထိ ပလတ်တစ်အမှိုက်တွေ ကျန်ရှိနေသေးတာကြောင့် မြို့နယ်စည်ပင်၊ တက်တူးချစ်သူများနှင့် မြို့ခံအချို့ပူးပေါင်းပြီး လူအင်အား ၅၀ လောက် မနေ့ညနေက စုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြပါတယ်။ ချင်းတွင်းသင်္ကြန်သဲသောင်ပြင်မှာ ၁ ပတ်ကြာ သင်္ကြန်ကျင်းပခဲ့ပါတယ်။ စည်ပင်အနေနဲ့ သင်္ကြန်တွင်းရော၊ သင်္ကြန်ပြီးပါ နေ့စဉ် သန့်ရှင်းရေးတွေပြုလုပ်နေပေမယ့် ရှင်းစရာတွေက ကျန်နေဆဲဖြစ်တာကြောင့် အခုလိုပူးပေါင်းလုပ်ဆောင်တာလို့ သန့်ရှင်းရေးမှာ ပါဝင်ခဲ့သူတွေကဆိုပါတယ်။ သဲသောင်ပြင်တခုတည်းကနေ တစ်ရက်ကို အမှိုက်တန်ချိန် ၅ တန်ကနေ ၆ တန်ထိ နေ့စဉ်သိမ်းဆည်းနေရတယ်လို့လည်း စည်ပင်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စေတနာရှင် ပြည်သူတွေ၊ အဖွဲ့အစည်းတွေအနေနဲ့ အခုလို စည်ပင်နဲ့အတူပူးပေါင်းပြီးသန့်ရှင်းရေးလုပ်တဲ့အပေါ်မှာလည်း ကြိုဆိုဝမ်းမြောက်မိတယ်လို့ ပြောပါတယ်။ တက်တူးချစ်သူတွေအနေနဲ့ကတော့ အခုလို သန့်ရှင်းရေးပြုလုပ်တာက မုံရွာမြို့မှာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ အခုလ ၉ ရက်နေ့တုန်းကလည်း မုံရွာဆေးရုံကြီးမှာ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်ခဲ့ပါသေးတယ်။ "အမှိုက်တွေက ရေကြီးလာရင် ကျနော်တို့မကောက်လည်း ရေနဲ့အတူ မျောပါသွားမယ်။ ဒါပေမယ့် ချင်းတွင်းမြစ်ကြီးကတော့ ညစ်ပတ်သွားပြီး မြစ်ကြမ်းပြင်တွေမြင့်တက်လာမယ်။ ရေကြီးရေလျှံမှုတွေဖြစ်လာမယ်။ ရေထဲမျောပါတဲ့ ပလတ်စတစ်အမှိုက်တွေကို ရေနေသတ္တဝါတွေက အစာမှတ်ပြီး စားရင် သေကုန်မယ်။ ပြောရရင် အမှိုက်ရဲ့ဆိုးကျိုးတွေက အများကြီးပဲ။ ပါးစပ်က သဘာဝပတ်ဝန်းကျင်ချစ်ပါတယ် အော်နေရုံနဲ့မရဘူး။ လက်တွေ့ ချစ်ကြာင်း သက်သေပြရမယ်။ သဘာဝပတ်ဝန်းကျင် ချစ်ပါတယ်ပြောပြီး တစ်နှစ်မှ တစ်ခါလောက် သစ်ပင်စိုက်ပြီးရင် စိုက်တာနဲ့မက သဘာဝပတ်ဝန်းကျင်ပျက်စီးရင် ဘာအကျိုးရှိမှာလဲ။ ဒီချင်းတွင်းသင်္ကြန်မှာဆိုရင် လူတွေ သိန်းချီပျော်ရတယ်။ ဒါပေမယ့် အပျော်အတွက် ပေးဆက်ရတာတွေက အများကြီးရယ်။ ရှက်ဖို့ကောင်းတယ်" လို့ သန့်ရှင်းရေးမှာပါဝင်ခဲ့ပြီး သဘာဝပတ်ဝန်းကျင်အရေးလုပ်ဆောင်နေသူတဦးက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024