မန္တလေး ဆိုင်ကယ်လိုင်စင် နေ့ချင်းပြီး လုပ်မရ
ရွှေအောင်
·
June 12, 2012
မန္တလေးမြို့က လိုင်စင်မဲ့ ဆိုင်ကယ်တွေကို လိုင်စင် လုပ်ပေးနေရာမှာ သက်ဆိုင်ရာ က ကြေညာထားတဲ့ အတိုင်း တနေရာတည်း နေ့ချင်းပြီးမရဘဲ ၃ ရက်လောက်ကြာမှ လိုင်စင်ရတယ် လို့ မြို့ခံ သတင်းသမားတဦးက ပြောပါတယ်။
“စ၀င်ကတည်းက ယာဉ်စစ်၊ ထွက်စစ်၊ ပြီးရင် ရာဖြတ် ငွေသွင်း၊ ပြီးရင် ကညန ကနေ စာရွက်ပိုင်းပြန်ထုတ်ပေးပေါ့။ ထွက်စစ်၊ ယာဉ်စစ်က ၁ ရက်၊ ငွေသွင်းတာက ၁ ရက်ဆိုတော့ ၃ ရက်လောက်ကြာတယ်။”
ဒီ့အရင် လိုင်စင်မဲ့ဆိုင်ကယ်တွေ လိုင်စင်လုပ်ပေးတုန်း က ပေးဆောင်ရတဲ့ ငွေကြေးထက် ထက်ဝက်လောက် သက်သာပြီး၊ လိုင်စင်လာလုပ်တဲ့ သူတွေလည်း များတယ် လို့ ဆိုပါတယ်။
အရင်က လိုင်စင်လုပ်ပေးရာမှာ အကြမ်းဖျင်း ငွေကျပ် ၁ သိန်းခွဲလောက်ပေးဆောင်ရပြီး အခု ကျပ် ၇ သောင်းခွဲလောက်ပဲ ကုန်ကျတာပါ။
အထက်မြန်မာပြည် ဆိုင်ကယ်ဈေးကွက်ဖြစ် တဲ့ မန္တလေးမြို့မှာ အခုလဆန်းပိုင်းကစလို့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ရဲသိပံ္ပ၀င်းထဲမှာ သက်ဆိုင်ရာက လိုင်စင် လုပ်ပေးနေတာဖြစ်ပါတယ်။
ဆိုင်ကယ်လိုင်စင်လာလုပ်တဲ့သူတွေများလွန်းလို့ နေရာဦးပြီး ပြန်ရောင်းစားတဲ့သူတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။
“တချို့က မစောင့်နိုင်ဘူး၊ မြန်မြန်လိုချင်တယ်။ နေပူထဲစောင့်ရတာကို။ မြန်မြန်လိုချင်တော့ အရှေ့မှာ ရှိတဲ့နေရာလေးတွေ သူကအရင်ရအောင်ဝယ်ကြတယ်။ နေရာပေါ် မူတည်ပြီးတော့မှ ၁ သောင်း၊ ၂ သောင်းကနေ ၄၊ ၅ သောင်းထိ ရှိတယ်။”
ဆိုင်ကယ်လိုင်စင်လုပ်ပေးမယ့်ကာလကို ရက်ပေါင်း ၁၂၀၊ ၄ လကြာ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဇွန် ၅ ရက်ကစပြီး သက်သာတဲ့နှုန်းထားနဲ့ လိုင်စင် လုပ်ပေးနေပြီလို့ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တရားဝင်ထုတ်ပြန် ပြောဆိုထားပါတယ်။ တနိုင်ငံလုံးမှာ လိုင်စင်မဲ့ ဆိုင်ကယ်စီးရေ ၂ သိန်းလောက်ရှိတယ်လို့ ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်။