Home
မြန်မာသတင်း
ပျက်စီးသွားသည့် ယင်းမာပင်ခရိုင်စုပေါင်းရုံးကို တင်ဒါစည်းကမ်းနှင့်ညီ၊ မညီစစ်ဆေးမည်
Aung Ko Latt
·
April 20, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့ရှိ ယင်းမာပင်ခရိုင်စုပေါင်းရုံးဟာ ဧပြီ ၁၃ ရက် ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် အမိုးတွေလန်ပြီး ပျက်စီးခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က  တင်ဒါစည်းမျဉ်း စည်းကမ်းနဲ့ ညီညွတ်မှုရှိ၊ မရှိကို ပြန်လည်စိစစ်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်ကိုယ်တိုင် သွားကြည့်တယ်။ သေချာစိစစ်ပြီးတော့ တွက်ချက်ပြီးတော့ လုပ်ရမှာ။ လတ်တလောကတော့ ရုံးခန်းတွေကို အဆောင်တဆောင် အသစ်ဆောက်ထားတဲ့နေရာ ပြောင်းရွှေ့ထားတယ်။ အဆင်ပြေပါတယ်။ ဒါကြီးက ဘတ်ဂျက်တွေ ချပြီးတော့ ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းလုပ်ရမှာပေါ့။ ဒါက ပြည်ထောင်စုက လုပ်ထားတာ ဆိုတော့။ အဆောက်အဦကတော့ တင်ဒါစည်းမျဉ်းစည်းကမ်း ရှိပြီးသားပါ။ ပြည့်တယ်၊ မပြည့်ဘူးဆိုတာ ဆောက်တဲ့ကုမ္ပဏီရယ်၊ အပ်တဲ့ အခြေအနေရယ် ဌာနဆိုင်ရာက အကုန်စိစစ်သွားမှာပါ။ ကျနော်တို့ကတော့ အကြမ်းဖျင်းပဲ ကြည့်ထားတာ။ ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။" ဒီအဆောက်အဦးကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာ ကျပ်သန်းပေါင်း ၁၀၄၀ ဒသမ ၅၇ သန်းနဲ့ ၂၅၀ × ၂၇၀ ပေအကျယ်ကို Alpha Shogun ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ မိုးသက်လေပြင်းကြောင့် စုပေါင်းရုံးမှာ စီမံကိန်းရုံးခန်း ၂ ခန်း၊ စိုက်ပျိုးရေး ၂ ခန်း၊ ကျေးလက် ၁ ခန်းနဲ့ ငါးလုပ်ငန်း ၁ ခန်း စုစုပေါင်း ၆ ခန်း ပျက်စီးသွားတဲ့အပြင် အစည်းအဝေးခန်းမ ဆင်ဝင်မျက်နှာကြက်လည်း ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက “အစက အဲဒီလောက် ပျက်တယ်မထင်ဘူး။ မနေ့က သွားကြည့်မှ အမိုးတွေ အကုန်လန်ပြီး ဟာလာဟင်းလင်းကြီး ဖြစ်နေတာ။ ရုံးခန်းတွေတော့ ရွှေ့ထားတယ်။ အပျက်အစီးကတော့ အတွဲလိုက်ကြီးဆိုတော့ လူအားနဲ့ အဆင်မပြေလို့ ဝမ်ပေါင်ကနေ ဘက်ဟိုး အကူအညီ တောင်းထားတယ်လို့ ပြောတယ်။ လောလောဆယ်တော့ ရုံးခန်းထဲက ပစ္စည်းတွေကိုတော့ အကုန်သယ်ယူရှင်းထားပြီးပြီ။ ကျမအနေနဲ့ကတော့ အဆောက်အဦနဲ့ပတ်သက်တဲ့ စာချုပ်စာတမ်းတွေလည်း မတွေ့ရတော့ တင်ဒါစည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်မှု ရှိ၊ မရှိ ဆိုတာကိုတော့ မေးမြန်းသွားမှာပါ”လို့ ပြောပါတယ်။ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင်း ယင်းမာပင်ခရိုင်စုပေါင်းရုံးတင်မက လက်ပံတောင်းတောင်ခြေ ဆည်တည်းရွာဟောင်းမှာလည်း နေအိမ် ၂၀ ကျော် အမိုးလန်ကာ သစ်ပင် ၃၀ ကျော် ကျိုးကျခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024