ဘန်လေ ၁ – ၂ ချဲလ်ဆီး၊ လက်စတာ ၀ – ၀ ဆောက်သမ်တန် (ရုပ်သံဟိုက်လိုက်)

ပရီးမီးယားလိဂ် ပွဲစဉ် ၃၄ အဖြစ် ဘန်လေနဲ့ ချဲလ်ဆီးတို့ မနေ့ကယှဉ်ပြိုင်ရာ ချဲလ်ဆီးက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ လာမယ့် တနင်္ဂနွေနေ့မှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်အဖြစ် ဆောက်သမ်တန်နဲ့ ယှဉ်ပြိုင်ဖို့ရှိနေတဲ့ ချဲလ်ဆီးအသင်းဟာ ဒီပွဲမှာ ဟာဇက်၊ ဝီလျံ၊ ဖာဘရီဂတ်စ်တို့ကို အနားပေးခဲ့ပြီး မိုရာတာ၊ ဂျရူး၊ ပက်ဒရို၊ ကန်တေး၊ ဘာကာယိုကို၊ မော့ဆက်၊ ရူဒီဂါ၊ ကာဟေး စတဲ့ အဓိက ကစားသမားတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ ပထမပိုင်း ပွဲချိန် မိနစ် ၂၀ မှာ ချဲလ်ဆီးတောင်ပံကစားသမား မော့ဆက် ဂိုးရှေ့ကန်တင်ပေးတဲ့ဘောလုံး ဘန်လေဂိုးသမား ထွက်ပုတ်ရာက နောက်ခံလူ ကီဗင်လောင်းနဲ့ ထိပြီး ဂိုးဝင်သွားလို့ ပထမပိုင်းမှာ ချဲလ်ဆီး ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဘန်လေကွင်းမှာ ယှဉ်ပြိုင်ရပေမယ့်လည်း ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာ၊ ထိုးဖောက်ကန်သွင်းခွင့် အသာစီးရယူပြီး အိမ်ရှင်အသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။ ပွဲချိန် ၆၄ မိနစ်မှာ ဘန်လေအသင်းက ချေပဂိုးတဂိုး ပြန်သွင်းခဲ့ပေမယ့် ၆၉ မိနစ်မှာ မော့ဆက်က ချဲလ်ဆီးအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့လို့ ပွဲအပြီးမှာ ချဲလ်ဆီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြပြီး အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တောင်ပံကစားသမား မော့ဆက်ကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ ချဲလ်ဆီးက ရမှတ် ၆၃ မှတ်နဲ့ အဆင့် ၅ နေရာမှာ ဆက်လက်ရပ်တည်နေပြီး ဘန်လေကလည်း ၅၂ မှတ်နဲ့ အဆင့် ၇ နေရာမှာပဲ ရပ်တည်နေပါတယ်။ မနေ့ကပဲ ယှဉ်ပြိုင်သွားတဲ့ လက်စတာနဲ့ ဆောက်သမ်တန်တို့ ပွဲစဉ်မှာတော့ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ပဲ သရေရလဒ်နဲ့ ပွဲပြီးသွားခဲ့ပါတယ်။ လက်စတာက ၄၄ မှတ်နဲ့ အဆင့် ၈ မှာ ရပ်တည်နေပြီး ဆောက်သမ်တန်ကတော့ ၂၉ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၈ မှာ ရပ်တည်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up