ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဖိလစ်ပိုင် အပန်းဖြေကျွန်းတကျွန်းကို ပိတ်ပစ်

ဖိလစ်ပိုင်နိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွား အလည်အပတ်များတဲ့ အားလပ်ရက် အပန်းဖြေ ကျွန်းတကျွန်းကို ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ပိတ်ပစ်လိုက်ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှု အခြေအနေ ဆိုးရွားနေတဲ့ ဘိုရာကိုင်းကျွန်းကို ကမ္ဘာလှည့်ခရီးသွားတွေအတွက် ပိတ်ထားဖို့ သမ္မတ ရိုဒရီဂို ဒူတာတေးက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ ဘိုရာကိုင်းကျွန်းပေါ်က ဘူလာဘော့ကမ်းခြေဟာ ရေပေါ်ကစားနည်းတွေကြောင့် ကျော်ကြားတဲ့ ကမ်းခြေတခုပါ။ ပင်လယ်ကမ်းစပ်အနီး ရေမှာပေါ်နေတဲ့ သတ္တုပိုက်လုံးတွေကိုလည်း ကမ်းခြေက မြင်တွေ့နိုင်ပါတယ်။ အမှိုက်တွေဟာ အဲဒီပိုက်တွေကနေ ပင်လယ်ထဲ တိုက်ရိုက်ရောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘိုရာကိုင်းကျွန်းက တနေ့ကို အမှိုက်တန် ၉၀ ကနေ ၁၁၅ တန်လောက်အထိ ထွက်ရှိနေပါတယ်။ ကျွန်းပတ်ဝန်းကျင်ကို ညစ်ညမ်းလာစေတဲ့ အမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံခြားသား ခရီးသွားလာမှုကို ဧပြီ ၂၆ ရက်နေ့က စတင်ပြီး ၆ လကြာ ပိတ်ထားမှာဖြစ်ပါတယ်။ “လမ်းပေါ်မှာ အမှိုက်ပုံလို အမှိုက်တွေက အများကြီးပါ။ လူတွေ မနေသလိုပါပဲ။ လူတွေက ဆင်းရဲကြပါတယ်။ ဒါကို ကျနော်နားလည်ပါတယ်။ စားဝတ်နေရေးက မလွယ်ဘူးလေ။ ကျနော့်အတွက်တော့ အဆင်ပြေပါတယ်” လို့ ဆွီဒင်နိုင်ငံသား ကမ္ဘာလှည့်ခရီးသွားတဦးက ပြောပါတယ်။ “‘ဒါက တကယ့်ပြဿနာပါ။ ပြဿနာကြီးတခုပါပဲ။ ဒီမှာ လူတွေ ဒီလောက်အများကြီးနေဖို့ အဆင်သင့် မဖြစ်သေးပါဘူး၊ ဒါက ပြဿနာအကြီးကြီးပါ။ သန့်ရှင်းမှုရှိဖို့ လိုပါတယ်။ ရေနဲ့ ရေပုပ်တွေ သန့်ရှင်းမှုပေါ့။ ဒီမှာက လူတွေအများကြီးပါ” လို့ ပေါ်တူဂီ ကမ္ဘာလှည့်ခရီးသွားတဦးက ဆိုပါတယ်။ ဘိုရာကိုင်းကျွန်းကို အခုလို ပိတ်ပစ်လိုက်တဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေကို မှီခိုလုပ်ကိုင်နေတဲ့ ကျွန်းပေါ်က လုပ်ငန်းတွေနဲ့ အလုပ်သမားတွေရဲ့ ဆက်လက်ရပ်တည်နိုင်ရေးအတွက် စိန်ခေါ်မှုတခု ဖြစ်လာခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up