Home
မြန်မာသတင်း
မြိတ်ကျွန်းစုဒေသသို့ ပြည်တွင်းခရီးသည် လာရောက်လည်ပတ်မှုများပြား
DVB
·
April 19, 2018
  အခုနှစ် သင်္ကြန်ကာလနဲ့ သင်္ကြန်ပြီးအချိန်အထိ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကို ပြည်တွင်းက လာရောက်လည်ပတ်သူ များပြားနေပြီး အများစုမှာ ကျွန်းခရီးကို အများဆုံး သွားရောက်ကြတယ်လို့ မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီတွေက ပြောပါတယ်။ မြိတ်ဒေသကို လာရောက်လည်ပတ်ဖို့ ပြည်တွင်းပြည်ပက ဧည့်သည်တွေ ပိုမိုစိတ်ဝင်စားမှု မြင့်တက်နေပြီး အခုနှစ်မှာ သင်္ကြန်မတိုင်ခင်ကပင် ဟိုတယ်နဲ့ တည်းခိုခန်းတွေ အပါအ၀င် ကျွန်းခရီးကို သွားရောက်လည်ပတ်ဖို့ ကြိုတင်ဘိုကင်လုပ်ထားသူတွေ စံချိန်ချိုးခဲ့ကြောင်း မြိတ်မြို့ရှိ ခရီးသွား လုပ်ငန်း လုပ်ကိုင်သူတွေထံက သိရပါတယ်။ BLISSFUL MYANMAR ခရီးသွားလုပ်ငန်းမှ တာဝန်ခံ ဒေါက်တာသိန်းရွှေမြင့်က “ဒီနှစ်က သင်္ကြန်ကာလမှာ အထက်မြန်မာပြည်က ပြည်တွင်းဧည့်သည်တွေ အများဆုံး လာရောက်လည်ပတ်တဲ့နှစ်ဖြစ်သလို မြိတ်ကျွန်းစုအပန်းဖြေခရီးကို ပိုစိတ်တစားနဲ့ သွားရောက်ကြတာ ပိုများတယ်” လို့ ပြောပါတယ်။ မြိတ်မြို့မှာ သင်္ကြန်ကာလ ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် လာရောက် အပန်းဖြေ ခဲ့ကြတဲ့ အနယ်နယ်အရပ်ရပ်က သင်္ကြန်ချစ်သူတွေဟာ သင်္ကြန်အကြိုနေ့မှာ ဧည့်သည်ဦးရေ ၆၀၀၊ အကျနေ့တွင် ၈၀၀၊ အကြတ်နေ့မှာ ၈၀၀ ဦးကျော်သွားရောက် အပန်းဖြေခဲ့သလို သင်္ကြန်အတက်နေ့နဲ့ ဧပြီလ ၁၉ ရက်နေ့အထိလည်း ဆက်လက်သွားရောက် အပန်းဖြေ နေကြကြောင်း ခရီးသွားကုမ္ပဏီတွေက ပြောပါတယ်။ ရှမ်းပြည်နယ် တောင်ကြီးမြို့မှ လာရောက် အပန်းဖြေသူ ကိုထူးထူးအောင်က “နိုင်ငံခြားမှာဆိုရင် ဖန်ကွဲစလေးတွေနဲ့ လုပ်ထားတဲ့ ကျောက်လေးတွေပဲ တွေ့ရတာပါ။ ကြည့်ရတာလည်း တော်တော်လှသလိုမျိုး ဒီမှာ မြိတ်ကျွန်းစုမှာက ကမ်းခြေတွေနဲ့ သဲသောင်ပြင်တွေရှိသလို ကမ္ဘာမှာ ရှားရှားပါးပါးရှိတဲ့ ကျောက်စလစ်ခဲလေးတွေ ရှိတဲ့ ဒီပါပန့်ကျွန်းက အင်တာနက်ပေါ်မှာ သူငယ်ချင်းတွေ တင်ထားတဲ့ ပုံတွေကို တွေ့ရတာထက် ကိုယ်တိုင် မြင့်ဝါးထင်ထင် တွေ့ရတော့ ပိုလှနေတာကို တွေ့ရတာ။ ဒီခရီးကို လာရတာ အရမ်းတန်တယ်” လို့ ပြောပါတယ်။ မြိတ်ကျွန်းစုရဲ့ အပန်းဖြေခရီးစဉ်အနေနဲ့ ခရီးသွားကုမ္ပဏီတွေက ခရီးသွား ဧည့်သည်တွေကို လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်းကျွန်း၊ ပါပန့်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥစောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဒီကျွန်းနဲ့ ဒုံးညောင်းမိုင်း ကျေးရွာတို့ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ သတင်း - ဇော်ဇော် (မြိတ်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024