ဘန်ကောက်တွင် ရာဇဝတ်မှု ကျူးလွန်သူများနှင့် တရားမဝင်နေထိုင်သူများကို ဖမ်းဆီး

ဓာတ်ပုံ - mgronline
အခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မှာ နိုင်ငံခြားသားတွေ နေထိုင်သွားလာတတ်တဲ့ နေရာတွေကို ထိုင်းရဲတွေက ပိတ်ဆို့စစ်ဆေးပြီး ရာဇဝတ်မှု ကျူးလွန်သူနဲ့ ဗီဇာရက်ကျော်ပြီး တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးခဲ့ပါတယ်။ ဘန်ကောက်မြို့ နေရာပေါင်း ၁၂၆ နေရာကို ဝင်ရောက်စစ်ဆေးပြီးတဲ့နောက် ဥပဒေနဲ့ မညီညွတ်သူ နိုင်ငံခြားသားပေါင်း ၆၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဲဒီထဲမှာ နေထိုင်ခွင့် ဗီဇာသက်တမ်းကုန်သူ ၁၁ ဦး၊ တရားမဝင် ဝင်ရောက်နေထိုင်သူ ၅၁ ဦး၊ ကမ္ဘာလှည့်ခရီးသည်တွေထံက အိတ်ဖောက်၊ ခါးပိုက်နှိုက်ကျူးလွန်သူ အသက် ၄၅ နှစ်အရွယ်ရှိ Mrs.Tran Thi Thu Ha ဆိုသူ ဗီယက်နမ်အမျိုးသမီးတဦးနဲ့ အပေါင်းပါ ၄ ဦးတို့ကို ဖမ်းဆီးခဲ့တယ်လို့ ကမ္ဘာလှည့်ခရီးသည်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဒု-ညွှန်မှူး ရဲမှူးကြီး ဆူရချိတ် ဟတ်ဖန်းက ဒီကနေ့မွန်းလွဲ ၁ နာရီခွဲက ခလောင်တွေနယ်မြေ ဆုခိုဝစ်လမ်းပေါ်ရှိ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ဒီလိုဖမ်းဆီးရတာနဲ့ ပတ်သက်ပြီး ရဲမှူးကြီး ဆုရချိတ်က ဆက်လက်ရှင်းပြရာမှာ ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့က ဘန်ကောက် ခေါက်ဆန်လမ်းထဲမှာ ကမ္ဘာလှည့်ခရီးသည် ၃ ဦး အိတ်တွေ အဖောက်ခံရကြောင်း တိုင်ကြားချက်အရ ကျူးလွန်သူတွေကို လိုက်လံစုံစမ်းခဲ့ကြောင်း၊ အဲဒီနောက် ဗီယက်နမ်သူ အမျိုးသမီးကို အိုင်ဖုန်း ၁၃ လုံး၊ ပိုက်ဆံအိတ် ၁ လုံး၊ ဘရိတ်ဓား ၈ ချောင်း၊ cutter တချောင်း၊ နိုင်ငံခြားငွေအမျိုးမျိုး စတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ဒင်ဒဲန်နယ်မြေရှိ အငှားတိုက်ခန်းတလုံးမှာ ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။ ကျူးလွန်သူတွေက သူတို့ဟာ အိတ်ဖောက်ခါးပိုက်နှိုက်ရယူခဲ့တဲ့ ငွေပေါင်း ဘတ် ၅ သိန်းကျော်ရှိတယ်လို့ ဝန်ခံခဲ့ပြီး အိတ်ဖောက်ခံရသူ၊ ငွေကြေးဆုံးရှုံးခဲ့ရသူတွေအနေနဲ့ ရဲစခန်းကို လာရောက်အကြောင်းကြားပြီး မိမိရဲ့ ဆုံးရှုံးမှုတွေကို သက်သေနဲ့တကွ ပြန်လည်ထုတ်ယူနိုင်ကြောင်း ရဲမှူးကြီးက ပြောသွားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up