လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတခုကို လိုချင်တယ်
DVB
·
June 12, 2012
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ လူထုအကျိုးပြုအသံလွှင့်လုပ်ငန်း (public service broadcasting) မီဒီယာ ဥပဒေ၊ လိုင်စင်၊ ကျင်ဝတ် စတဲ့ တခြားမီဒီယာနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေကို လေ့လာဖို့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေထဲက ဆွီဒင်နိုင်ငံကို ရောက်ရှိနေပါတယ်။
ဇွန်လ ၁၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကြာမြင့်မယ့် ဒီခရီးစဉ်ကို ဒီမိုကရက်တစ်မြန်မာ့အသံက ဖိတ်ကြားချက်ဖြစ်ပြီး ခရီးစဉ်အတွင်းမှာတော့ ဝန်ကြီးနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဆွီဒင်၊ နော်ဝေ၊ ဒိန်းမတ်နိုင်ငံက ထင်ရှားတဲ့ မီဒီယာကျွမ်းကျင်သူများနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မီဒီယာအဖွဲ့တွေ အပါအဝင် နိုင်ငံရေးသမားတွေ၊ ပါလီမန်အမတ်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ဒီမိုကရေစီလူ့အဖွဲ့အစည်းတွေမှာ ကျင့်သုံးနေတဲ့ စာနယ်ဇင်းကောင်စီတွေ၊ သတင်းထောက်သမဂ္ဂတွေကိုလည်း လေ့လာမှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်းမှာ နိုင်ငံပိုင်မီဒီယာတွေကို အသွင်ကူးပြောင်းရေး၊ နောင်ပေါ်ပေါက်လာမယ့် စာနယ်ဇင်းကောင်စီနဲ့ ရုပ်သံလွှင့်မီဒီယာ ကိစ္စတွေအတွက် အတွေ့အကြုံတွေရမယ်လို့ မျှော်လင့်တဲ့အကြောင်း ဆွီဒင်နိုင်ငံကို သွားရောက် လေ့လာနေတဲ့ ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က ပြောပါတယ်။
ဦးရဲထွဋ်ကို မေးမြန်းချက်
ဒီခရီးစဉ်ကနေ ရှေ့လျှောက် မြန်မာပြည်မှာ ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့အတွက် ဒီခြေလှမ်းကို လှမ်းလိုက်တာလဲ။
“ပထမဆုံး ပြုပြင်ပြောင်းလဲဖို့ကတော့ ကျနော်တို့ ဝန်ကြီးက မူဝါဒချမှတ်ထားတာ နိုင်ငံပိုင်မီဒီယာတွေကနေ အရင်တုန်းက အစိုးရပြောတာ တခုတည်းကိုပဲ တင်ဆက်နေရာကနေ ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့အကြောင်းတွေ၊ သူတို့ရဲ့ သဘောထားတွေကိုပါ တင်ပြနိုင်ဖို့အတွက် လုပ်ဖို့ဆိုပြီး ကျနော်တို့ လူကြီးတွေက လမ်းညွှန်ပါတယ်။ သမ္မတကြီးကလည်း လမ်းညွှန်ပါတယ်။ ဝန်ကြီးကလည်း အဲဒါကို ဆက်ပြီးတော့ လမ်းညွှန်တဲ့အတွက်ကြောင့် အဲလိုမျိုး လုပ်နိုင်ဖို့အတွက်ဆို ပြည်သူ့ရေးရာ ဝန်ဆောင်မှု အသံလွှင့်ပုံစံကို ပြောင်းလဲဖို့ လိုတယ်လို့ စဉ်းစားကြပါတယ်။ အဲဒါကြောင့် ဒီမှာလာပြီးတော့ စကင်ဒီနေးဗီးယားနိုင်ငံရဲ့ အခြေအနေကို လာပြီး လေ့လာနေတာ ဖြစ်ပါတယ်။”
အမေရိကန်တို့၊ အင်္ဂလန်တို့ အစရှိတဲ့ အနောက်နိုင်ငံတွေကို မရွေးဘဲနဲ့ ဘာကြောင့် ဒီနိုင်ငံတွေကို ရွေးတာလဲ။
“ကျနော်တို့ ပြည်သူ့ဝန်ဆောင်မှု အသံကိစ္စနဲ့ပတ်သက်ပြီး လေ့လာတဲ့အခါမှာ အမေရိကန်မှာတော့ အဲ့ဒီပုံစံမရှိဘူး။ အင်္ဂလန်မှာတော့ ဘီဘီစီရှိတယ်။ ဘီဘီစီကလည်း နိုင်ငံခြား အသံလွှင့်ဌာနတွေရော တခြားဘာသာတွေရော ဆိုတော့ သူတို့လည်း ဖွဲ့စည်းပုံက အရမ်းကြီးလွန်းတယ်။ ကျနော်တို့ ကြည့်လိုက်တော့ စကင်ဒီနေဗီးယား နိုင်ငံတွေက ကိုယ့်ပြည်တွင်းက ပြည်သူတွေအတွက် သီးခြား ဦးတည်ပြီး လုပ်တဲ့ပုံစံလည်းဖြစ်တယ်။ နောက်ပြီး ပြည်သူ့ရေးရာ ဝန်ဆောင်မှုအသံလွှင့်လုပ်ငန်းကို လုပ်ခဲ့တာလည်း ကြာခဲ့ပြီဆိုတော့ ဒီမှာလာပြီးတော့ လေ့လာဖို့ ကြိုးစားကြတယ်။ စပြီး ဆက်သွယ်တော့ ဒီဗွီဘီရယ်၊ ဆွီဒင် ရေဒီယို အသံလွှင့်ဌာနရယ်နဲ့ ဆက်သွယ်မိပြီး သူတို့ရဲ့ အကူအညီနဲ့ လာခဲ့တာပါ။”
ဦးရဲထွဋ်တို့ရဲ့ ဒီဗွီဘီနဲ့ ပူးတွဲကြေညာချက်ထဲမှာ မီဒီယာဥပဒေတွေ၊ ဘဏ္ဍာရေးကိစ္စ၊ လိုင်စင်ကိစ္စ၊ မီဒီယာကျင့်ဝတ်တွေ၊ စာနယ်ဇင်းကောင်စီ၊ ဂျာနယ်လစ်အသင်းအဖွဲ့ ကိစ္စတွေ ကျယ်ကျယ်ပြန့်ပြန့်ဆိုတော့ ပထမဆုံး အနောက်ဥရောပနိုင်ငံတွေကို အခြေချပြီးတော့ စလေ့လာတယ်ဆိုတော့ ဘယ်လိုစပြီးတော့ ရင်ဆိုင်တွေ့ရလဲခင်ဗျ။
“ဒီနေ့တော့ ကျနော်တို့က ပြည်သူ့ရေးရာ ဝန်ဆောင်မှု အသံလွှင့်တာတွေနဲ့ ပတ်သက်လို့ ဆွီဒင်ရေဒီယို အသံလွှင့်ဌာနရဲ့ လုပ်ဆောင်ချက်တွေကို စလေ့လာပါတယ်။ လေ့လာတဲ့အခါမှာ တချို့အချက်တွေက အင်မတန်မှ ကောင်းမွန်ပါတယ်။ ဒါပေမယ့် တချို့ဟာတွေက ကျနော်တို့ဆီမှာ ချက်ချင်းမိတ်ဆက်လို့ မရဘဲ၊ ဥပမာ အသံလွှင့်ဌာနအတွက် ပြည်သူတွေဆီကနေ ရန်ပုံငွေရှာဖွေတဲ့ ကိစ္စမျိုးဆိုရင်တော့ ကျနော်တို့ဆီမှာ ချက်ချင်းကျင့်သုံးလို့ မရဘဲနဲ့ အဆင့်ဆင့်ပြောင်းလဲကျင့်သုံးရမယ်။
သို့သော် ပြည်သူတွေကို သတင်းအချက်အလက်ပေးဖို့၊ ဖျော်ဖြေရေးနဲ့ ပညာပေးမှု မျှမျှတတ လုပ်တာ၊ လူနည်းစုတွေရဲ့ ပတ်သက်တဲ့ကိစ္စကို တင်ဆက်ပေးတာ၊ ဒါမျိုးတွေကျတော့ တိုက်ရိုက်ယူပြီး သုံးလို့ရမယ့် သဘောမျိုးလည်း ရှိပါတယ်။ အဆင့်ဆင့်ပြောင်းလဲပြီး သုံးရမှာရှိတယ်။ နည်းနည်း ပြင်သုံးရမှာရှိတယ်။ သို့သော် ဘာပဲဖြစ်ဖြစ် အဖိုးတန်တဲ့ သတင်းအချက်အလက်တွေ အများကြီးပဲ ကျနော်တို့ စပြီးတော့ ရပါတယ်။”
ဒုတိယဝန်ကြီး ဦးဆောင်ပြီးတော့ ညွှန်ချုပ်တွေပါ လိုက်ပါလာတာဆိုတော့ ဒီခရီးစဉ်ရဲ့ လေ့လာမှုတွေဟာ မြန်မာပြည်ရဲ့ မီဒီယာလောကမှာ သက်ရောက်မှု အများကြီးရှိမယ်လို့ အန်ကယ်အခုထဲက ကြိုတင်ပြီးတော့ နိမိတ်ဖတ်နိုင်လား။
“သက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ကဏ္ဍအလိုက်ပေါ့။ တစ်ကတော့ နိုင်ငံပိုင်မီဒီယာတွေကို ကျနော်တို့ အသွင်ကူးပြောင်းတဲ့အခါမှာ ဒီအတွေ့အကြုံတွေက အများကြီး အသုံးကျပါလိမ့်မယ်။ ပြီးရင် စာနယ်ဇင်းကောင်စီတွေကို လေ့လာသွားတဲ့အတွက် နောင်ပေါ်ပေါက်လာမယ့် စာနယ်ဇင်းကောင်စီအတွက် လိုအပ်တဲ့ အကြံဥာဏ်တွေ အချက်အလက်တွေကို ကျနော်တို့ ပံ့ပိုးပေးသွားနိုင်မယ်။ ပြီးရင် ကျနော်တို့ နောက်ထပ် ရေးဆွဲဖို့ရှိနေတဲ့ ရုပ်သံလွှင့် မီဒီယာဥပဒေနဲ့ ပတ်သက်ရင်လည်း ကျနော်တို့ ဒီခရီးစဉ်ကနေ အကျိုးသက်ရောက်မှု အများကြီး ရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”
အရင်တုန်းက ဘီဘီစီ၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ အာအက်ဖ်အေတို့ စသည်ဖြင့်ကို နိုင်ငံတော်အစိုးရကနေ သတင်းစာတွေမှာ စာလုံးအမဲကြီးနဲ့ လုပ်နေရာကနေ အခု ဒီခရီးစဉ်မှာ ဒီဗွီဘီရဲ့ ဖိတ်ကြားချက်နဲ့ပေါ့၊ အန်ကယ်တို့က အနောက်ဥရောပနိုင်ငံကို ရောက်တယ်ဆိုတော့ ဒီပြောင်းလဲမှုက ရုတ်ခြည်းပြောင်းလဲမှုလား၊ တဆင့်ဆင့် အန်ကယ်တို့ဆီကို ဖိအားတွေများရှိလား။
“ကျနော်တို့ သမ္မတကြီးက သူ့ရဲ့ပထမဆုံး ရာထူးလက်ခံတဲ့ မိန့်ခွန်းမှာ ကျနော်တို့အားလုံးက နိုင်ငံတော်အတွက် တိုးတက်ကြီးပွားတာကို မြင်ချင်တယ်။ ဒါကြောင့်မို့ ဘုံအကျိုးစီးပွားပေါ်မှာ အဖြေရှာပြီးတော့ တူတာတွေစပြီး တွဲလုပ်ကြမယ်။ ဒီလိုမျိုး ညွှန်ကြားခဲ့တယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာတခုကို လိုချင်တယ်။ ပြည်သူတွေကို သတင်းအချက်အလက်တွေ မှန်ကန်စွာ ပေးနိုင်တဲ့ မီဒီယာမျိုးကို လိုချင်တယ်။ သတင်းလွတ်လပ်ခွင့်ကိုလည်း အခြေခံဥပဒေနဲ့အညီ ဖော်ဆောင်ပေးချင်တယ်။ ဒီဗွီဘီတို့၊ ဘီဘီစီတို့လို ပြည်ပမှာ အခြေချနေတဲ့ မြန်မာသတင်းသမားတွေကလည်း ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ကြားမှာ တချို့မတူသေးတဲ့ အမြင်တွေ ရှိကောင်းရှိပေမယ့်၊ ကျနော်ခုနကပြောတဲ့ မီဒီယာလောက ဖွံ့ဖြိုးတိုးတက်ဖို့၊ လွတ်လပ်ပွင့်လင်းတဲ့ မီဒီယာလောကဖြစ်ဖို့ဆိုတဲ့ တူညီတဲ့ ဘုံအကျိုးစီးပွား ပေါင်းပြီးတော့ ကျနော်တို့လုပ်တာ ဖြစ်ပါတယ်။ အဓိကတော့ သမ္မတကြီးရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအပေါ်မှာ ဘုံအကျိုးစီးပွားပေါ်မှာ အခြေခံတဲ့အတွက်ကြောင့် လုပ်တာဖြစ်ပါတယ်။ ကျနော်တို့ ဘယ်ဖိအားကြောင့်မှ လုပ်တာမဟုတ်ပါဘူး။”
တခြား ဘာများပြောချင်ပါသေးလဲ။
“ကျနော်တို့လည်း နိုင်ငံတွင်းမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတယ်။ ဒီခရီးစဉ်ကြီးက လုပ်ငန်းကြီးက ပမာဏလည်းကြီးတယ်။ ကျော်လွှားရမယ့် စိန်ခေါ်မှုတွေလည်း အများကြီးရှိပါတယ်။ သို့သော် ဘာပဲဖြစ်ဖြစ် သမ္မတကြီးရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့ အစိုးရဌာနတွေ အားလုံးက အတတ်နိုင်ဆုံး ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေတယ် ဆိုတာကို ပြည်သူတွေအနေနဲ့ အသိအမှတ်ပြုပေးစေချင်ပါတယ်။ ကျနော်တို့ လိုအပ်တဲ့ အကြံဥာဏ်လေးတွေ ရှိရင်လည်း ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ်လည်း ကျနော်တို့ ထောင်ထားပြီးဖြစ်တာကြောင့် အဲဒီကနေ လုပ်သင့်တယ် ထင်တဲ့ဟာတွေကို အကြံဥာဏ်ပေးစေချင်ပါတယ်။”