ဒီမိုကရက်တစ်မြန်မာ့အသံ ဝက်ဘ်ဆိုက်စာမျက်နှာများ တိုက်ခိုက်ခံရ
သန်းဝင်းထွဋ်
·
June 11, 2012
ဒီမိုကရက်တစ်မြန်မာ့အသံ အင်္ဂလိပ်နဲ့ မြန်မာဝက်ဘ်ဆိုက်စာမျက်နှာတွေကို စနေနေ့ ညပိုင်းကစပြီး DDOS (Denial of service attack) တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဝက်ဘ်ဆိုက် လုံခြုံရေးတာဝန်ရှိသူက ပြောဆိုပါတယ်။
CET 21:15PM, Central European Time June 9 (1:45 AM Sunday Morning မြန်မာစံတော်ချိန် ဇွန် ၁ဝရက် တနင်္ဂနွေနေ့ မနက်စောစော ၁း၄၅) အချိန်ကစပြီး နေရာပေါင်း ၅၀၀ ခန့်က စဉ်ဆက်မပြတ် ပို့လွှတ်နေတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ၄ နှစ်အတွင်း အပြင်းထန်ဆုံးတိုက်ခိုက်မှု ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံအပါအဝင် ပြည်ပသတင်း မီဒီယာ အတော်များများကို ဦးတည်တဲ့ အလားတူ DDOS တိုက်ခိုက်မှုမျိုးကို ၂၀၀၈ ခုနှစ်နဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်ကာလ စက်တင်ဘာ လကုန်ပိုင်းမှာလည်း ကြုံတွေ့ခဲ့ရပါတယ်။
ရုရှားအပါအဝင် ဥရောအရှေ့ပိုင်းနိုင်ငံတွေက ip address အင်တာနက် လိပ်စာတွေကနေ တိုက်ခိုက်ခဲ့ရာမှာ တူညီနေပေမယ့် ဒီတကြိမ်မှာ နေရာအများဆုံးက စုပေါင်းတိုက်ခိုက်မှု ဖြစ်ပါတယ်။
“ဒီဗွီဘီသတင်းပေးပို့ချက်တွေကို မကျေနပ်လို့ လူအများက တိုက်ခိုက်တဲ့ ပုံစံမျိုး အသွင်ယူထားပေမယ့် တွေ့ရတဲ့ အထောက်အထားတွေအရ အုပ်စုတစုကနေ စနစ်တကျပြင်ဆင်ပြီး စီစဉ်တိုက်ခိုက်ခဲ့တယ်ဆိုတာ ထင်ရှားနေပါတယ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်က ပြောပါတယ်။
တနင်္ဂနွေနေ့ မနက်အစောပိုင်းကစပြီး ဒီဗွီဘီဝက်ဘ်ဆိုက်စာမျက်နှာ နာရီပိုင်းအတော်ကြာ ဖွင့်လှစ်မရတဲ့အကြောင်း ဒီမိုကရက်တစ်မြန်မာ့အသံ ပရိသတ်တွေကလည်း စာရေးပြောဆိုကြပါတယ်။ အဲဒီတိုက်ခိုက်မှုကို သူတို့ပြုလုပ်တဲ့အကြောင်း blinkhacker အုပ်စု ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
အဲဒီဝက်ဘ်ဆိုက်မှာပဲ ဒီမိုကရက်တစ်မြန်မာ့အသံ ဝက်ဘ်ဆိုက်ကို DDOS တိုက်ခိုက်ပုံတိုက်ခိုက်နည်း အဆင့်ဆင့်တွေကို ဖော်ပြထားတဲ့ ဖေ့စ်ဘုတ် စာမျက်နှာဆီ ညွှန်းထားပြီး တခြား မီဒီယာ ဝက်ဘ်ဆိုက်တွေကိုလည်း ဝိုင်းဝန်း တိုက်ခိုက်ကြဖို့ နှိုးဆော်ထားပါတယ်။ အဲဒီဖေ့စ်ဘုတ်ခ်စာမျက်နှာကို Operation Rohingy လို့ ခေါင်းစဉ် တပ်ထားပြီး လတ်တလော ရခိုင်ပြည်နယ်က မငြိမ်သက်မှုတွေနဲ့ ဆက်စပ်ဆွေးနွေးမှုတွေ DDOS တိုက်ခိုက်ပုံ တိုက်ခိုက်နည်းတွေ ဆွေးနွေးသင်ပြထားတာတွေကိုလည်း တွေ့ရပါတယ်။ ဖေ့စ်ဘုတ် လူမှုရေး စာမျက်နှာကို အသုံးပြုပြီး ပြည်ပမီဒီယာတွေကို စုပေါင်းတိုက်ခိုက်ဖို့ ပထမဆုံးအကြိမ် စည်းရုံးလှုံ့ဆော် စီစဉ်မှုတခုလည်း ဖြစ်ပါတယ်။
ဒီမိုကရက်တစ်မြန်မာ့အသံ ဝက်ဘ်ဆိုက်ဆာဗာဆီကို အင်တာနက်လိပ်စာ iP address ၄၀၀ ကျော်က တိုက်ခိုက်မှုတွေ ပို့လွှတ်ခဲ့ရာမှာ ရုရှားနဲ့ စင်ကာပူက အိုင်ပီလိပ်စာ ၇၅ ခုကို ခြေရာခံမိပြီး အများစုမှာ ရုရှားနိုင်ငံ မော်စကို(Moscow)၊ စိန့်ပီတာဘတ်(Saint Petersburg)နဲ့ ကာလုဂါ (Kaluga) တွေမှာ တည်ရှိတဲ့ နည်းပညာတက္ကသိုလ်တွေက ဖြစ်နေတယ်လို့ ဒီဗွီဘီ အင်တာနက် လုံခြုံရေးအရာရှိက ပြောပါတယ်။
ရုရှားက အဲဒီနည်းပညာတက္ကသိုလ်တွေမှာ မြန်မာစစ်တပ်အရာရှိငယ်တွေ ပညာဆည်းပူးနေကြောင်း ကိုယ်တိုင်တက်ရောက်ခဲ့ဖူးတဲ့ တပ်မတော် အရာရှိဟောင်း တယောက်က ပြောပါတယ်။