မူဆယ်တွင် ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပွား
ပီတာအောင်
·
June 10, 2012
မြန်မာ- တရုတ်နယ်စပ် ရှမ်းပြည်နယ် မူဆယ်မြို့မှာ စနေနေ့ညသန်းခေါင်အချိန်လောက်က နေရာ ၅ ခုမှာ အသေးစားဗုံးတွေ အချိန်အနည်းငယ်ခြားပြီး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့မူဆယ်ရဲစခန်းက အတည်ပြုပြောပါတယ်။
ည ၁၁ နာရီခွဲလောက်က စွမ်စော်ရပ်ကွက် အမှိုက်ပုံမှာ စတင် စတင်ပေါက်ကွဲခဲ့တာဖြစ်ပြီး နောက်ထပ် ဗုံးတွေက ကားလေးကွင်း တိုက်တန်းအနီးမှာ တလုံး၊ ဆန်းဖလားဝါးခန်းမအနီး လမ်းမအလယ်ပန်းခုံမှာ တလုံး၊ ၉၇ ဟိုတယ်နံဘေးက ငွေလှိုင်းလက်ဖက်ရည်ဆိုင်ရှေ့မှာ တလုံးနဲ့ ကန့်ကော်လမ်းခွဲအဝင် အမှိုက်ပုံ နေရာတွေမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
ဗုံးတွေဟာ ယမ်းအပြင်းစား အဆင့်သာရှိပြီး ပေါက်ကွဲမှုကြောင့် အပျက်အစီး ကြီးကြီးမားမားမရှိသလို လူတွေ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့မူဆယ်ရဲစခန်းတာဝန်ကျ ရဲဝန်ထမ်းတဦးက ပြောပါတယ်။
မူဆယ်မြို့မှာ အလားတူ ဗုံးပေါက်ကွဲမှုတွေ အရင်ကလည်းဖြစ်ပွားခဲ့ဖူးပြီး ပြီးခဲ့တဲ့ဧပြီလက မူဆယ် ၁၀၅ မိုင်ဇုန် စစ်ဆေးရေးဂိတ်ပေါက်ကွဲမှုမှာတော့ လူဝင်မှုကြီးကြပ်ရေးအရာရှိတဦး သေဆုံးသွားခဲ့ပါတယ်။ ဒီဖောက်ခွဲမှုတွေဟာ ဘယ်သူ့လက်ချက်လဲဆိုတာကိုတော့ မသိရသေးပါဘူး။