သေဆုံးမိဘများ၏ ၄ နှစ်ကြာ အေးခဲထားသည့် ဖန်ပြွန်သန္ဓေသားမှ ကလေးမွေးဖွား

ဓာတ်ပုံ - Asia Wire
တရုတ်နိုင်ငံမှာ သေဆုံးသွားတဲ့ မိဘနှစ်ပါးရဲ့ မျိုးအောင်သန္ဓေသားလောင်းကို အေးခဲထိန်းသိမ်းထားခဲ့ရာက လေးနှစ်အကြာမှာ ကလေးငယ်တဦး မွေးဖွားလာခဲ့တယ်လို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။ မိဘတွေဟာ ကားမတော်တဆမှုဖြစ်စဉ်မှာ ကွယ်လွန်သွားခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ မျိုးအောင်သန္ဓေသားလောင်းကို အဘိုးအဘွားတွေက အငှားကိုယ်ဝန်ဆောင်စေခဲ့ပြီး ခုလို မွေးဖွားနိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ ယီရှင်းမြို့မှာ ဖြစ်ခဲ့ပြီး မိဘတွေဖြစ်ကြတဲ့ ရှန်းဂျီနဲ့ သူ့ရဲ့ဇနီး လူရှီတို့ဟာ ခန္ဓာကိုယ်ပြင်ပ သန္ဓေအောင်စေတဲ့ ဖန်ပြွန်သန္ဓေသား ကိုယ်ဝန်ဆောင်စေတဲ့နည်းနဲ့ ကလေးမွေးဖွားနိုင်ဖို့ မျှော်လင့်ခဲ့ကြတာပါ။ သူတို့ သေဆုံးပြီးချိန်မှာတော့ ကျန်ရစ်နေခဲ့တဲ့ မျိုးအောင်သားလောင်း လေးခုကို အသုံးပြုနိုင်ဖို့ သေဆုံးသူတွေရဲ့ မိဘတွေဟာ တရားရင်ဆိုင်ခဲ့ရပြီးမှ ခုလို အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့တာဖြစ်တယ်လို့ သတင်းမှာ ဧပြီ ၁၂ ရက်နေ့က ဖော်ပြပါတယ်။ အငှားကိုယ်ဝန်ကိုတော့ အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ လာအိုနိုင်ငံမှ အမျိုးသမီးတဦးကို ကိုယ်ဝန်ဆောင်ခိုင်းစေခဲ့တာ ဖြစ်ပါတယ်။ “ကလေးက အမြဲပြုံးနေတယ်။ သူ့မျက်လုံးတွေက ကျမသမီးရဲ့ မျက်လုံးတွေနဲ့ တူတယ်။ ဒါပေမယ့် အားလုံးခြုံကြည့်ရင်တော့ အဖေနဲ့ပိုတူတယ်” လို့ သေဆုံးသူ အမျိုးသမီးရဲ့ မိခင်ဖြစ်သူက ပြောပါတယ်။ ကလေးငယ်ကိုတော့ မန်ဒရင်းတရုတ်ဘာသာစကားနဲ့ တီရန်တီရန် “ဆွိ(တ်)” လို့ အဓိပ္ပာယ်ရတဲ့ ချစ်စနိုးအမည် ပေးထားပေမယ့် ကလေးရဲ့ အမည်အရင်းကိုတော့ မသတ်မှတ်ရသေးပါဘူး။ ကလေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက မွေးဖွားခဲ့ပြီး မိဘတွေကတော့ ၂၀၁၃ ခုနှစ် မတ်လမှာ သေဆုံးခဲ့ကြတာဖြစ်လို့ သန္ဓေသားလောင်းဟာ လေးနှစ်ကျော်ကြာမှ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူအမျိုးသားရဲ့ ဖခင်ဖြစ်သူကတော့ မွေးဖွားလာတဲ့ ကလေးကို ဒီအကြောင်းတွေ မသိစေဘဲ အသက်ကြီးလာမှ ပြောပြမယ်လို့ စီစဉ်ထားကြောင်း ဆိုပါတယ်။ တရုတ်နိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်တာက တရားမဝင်ဖြစ်နေသေးလို့ အဘိုးအဘွား ဖြစ်သူတွေဟာ နိုင်ငံရပ်ခြားက ဆေးပညာရှင်တွေရဲ့ အကူအညီကိုလည်း ယူခဲ့ရတာပါ။ ကလေးငယ်ကို တရုတ်နိုင်ငံသားအဖြစ် ခံယူနိုင်ဖို့ ကလေးရဲ့ မိဘတွေက တရုတ်နိုင်ငံသားတွေ ဖြစ်ကြောင်းနဲ့ ကလေးရဲ့ ဒီအန်အေနဲ့ သွေးနမူနာ စစ်ဆေးချက်ကို သူတို့ရဲ့ မြေးအရင်းဖြစ်ကြောင်း သက်သေပြဖို့ ရုံးတော်ကို တင်ပြခဲ့ကြရတယ်လို့လည်း အဘိုးအဘွားတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up