Home
ဆောင်းပါး
သမ္မတ ဦးဝင်းမြင့် အပြောနှင့်အလုပ် ညီပါ့မလား
DVB
·
April 17, 2018
သမ္မတသစ်ဦးဝင်းမြင့်ဟာ သမ္မတတာဝန်ယူပြီးတဲ့နောက် မတ်လ ၃၀ ရက်မှာ ပြည်ထောင်စုလွှတ်တော်ကနေ  ပြည်သူလူထုကို ပထမအကြိမ် မိန့်ခွန်းပြောပါတယ်။ အဲ့ဒီနောက် မြန်မာနှစ်ဆန်းတရက် ဧပြီ ၁၇ ရက်မှာ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားဆိုပြီး ပြည်သူလူထုကို ဒုတိယအကြိမ် ပြောရာမှာ ဒီ နှုတ်ခွန်းဆက်စကားမှာ သူ့ အစိုးရလုပ်သွားမယ့် အလုပ်တွေကို တိတိကျကျထည့်သွင်း ပြောသွားတယ်။ သမ္မတသစ် ဦးဝင်းမြင့် ပြောသွားတဲ့ သူ့အစိုးရလုပ်မယ့် အလုပ်တွေကို တန်းစီကြည့်ရင် အခုလို တွေ့ရတယ်။ -နိုင်ငံ့ဝန်ထမ်းလစာတွေကို တိုးမြှင့်ပေးသွားမှာဖြစ်ပြီး ၀န်ထမ်းအိမ်ရာတွေကိုလည်း တိုးမြှင့်တည်ဆောက်ပေးသွားမယ်။ -လျှပ်စစ်မီးကို လာမယ့် (၃) နှစ်အတွင်း နောက်ထပ် မဂ္ဂါဝပ် ၃၀၀၀ ထပ်မံတိုးမြှင့် ထုတ်လုပ်မယ်။ - (၁) နှစ်အတွင်း လမ်းမကြီး မိုင်ပေါင်း (၁၀၀) အသစ်ဖောက်လုပ်မယ်။ - တနိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကို ၃ လအတွင်း နိုင်ငံခြားပညာ ရှင်တွေနဲ့အတူ အသေးစိတ်စစ်ဆေးပေးမှာဖြစ်ပြီး အန္တရာယ်ရှိနိုင်တဲ့ ကြိုးတံတားတွေကိုလည်း ၆ လအတွင်း ဦးစားပေး ပြင်ဆင်ပေး သွားမယ်။ - အစိုးရစီမံကိန်းလုပ်ငန်းတွေက တင်ဒါစည်းမျဉ်းကို လက်တလုံးခြား လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်။ - မူးယစ်ဆေးဝါး အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊ သိုလှောင်တဲ့ လက်ကြီးသမားတွေကို ဦးစားပေးနှိမ်နင်းမယ်။   -တောင်သူ လယ်သမားတွေရဲ့ မြေပိုင်ဆိုင်ခွင့်လက်မှတ်တွေ တစ်နိုင်ငံလုံး တစ်နှစ်အတွင်းရရှိဖို့ အမြန်ဆုံး ။ကြိုးပမ်းဆောင်ရွက်သွားမယ်။ -ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေး၊ လယ်ယာသုံး စက်ကိရိယာ စတဲ့ လယ်ယာမြေသွင်းအားစုတွေ အခွန်ကင်းလွတ်ခွင့် ပေး မယ်။ -ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေးအတွက် ပညာသင်စရိတ် ထောက်ပံ့မှုတွေကို တိုးမြှင့်ပေးမယ်။ သမ္မတသစ် လုပ်မယ်လို့ ပြောသွားတဲ့အလုပ်တွေ အောင်မြင်နိုင်မလား။ နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်းက သမ္မတပြောသလိုလုပ်ရင် ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ “လက်တွေ့မှာ တကယ့်တကယ် အကောင်အထည်ဖျော်မှုတွေ လုပ်လာရင်တော့လည်း ပွတ်တိုက်မှုတွေ ရှိလာနိုင်တာပေါ့၊ တည်ငြိမ်မှုလည်းရှိမယ်၊ အပြောင်းအလဲလည်း ဖြစ်မယ်ဆိုတာကတော့ ခက်တော့ခက်မယ်လို့ ထင်ပါတယ်၊ အထူးသဖြင့်တော့ ၀န်ထမ်းတွေနဲ့ ပတ်သက်လို့ပါ။ ၀န်ထမ်းတွေက လက်ရှိအချိန်မှာ ၂၀ ရာခိုင်နှုန်းလစာ တိုးပေးလိုက်တယ်။ ပြီးတဲ့အခါ လာဘ်စားမှုတွေ၊ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် အရေးယူမယ်ဆိုပါစို့လေ၊ အဲ့ဒါဆိုရင် ၀န်ထမ်းယန္တရားနဲ့ ပွတ်တိုက်မှုတွေ ရှိလာနိုင်တာပေါ့။” ဦးဝင်းမြင့်ဟာ အစိုးရရဲ့ လက်ကျန်သက်တမ်း ၃ နှစ်အတွင်းမှာ တိုင်းပြည်တွင်း လက်ငင်းလိုအပ်ချက်တွေဖြစ်တဲ့ စားဝတ်နေရေး ပြေလည်စေရေး၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပြည့်မီရေးတို့ကို အားသွန်လုပ်သွားမယ်လို့ ဆိုထားပြီး အစိုးရတရပ်အနေနဲ့လည်း သူ ပြောသလို လုပ်နိုင်စရာအကြောင်းလည်း ရှိပါတယ်။ ဒါပေမယ့် မူယစ်ဆေးဝါးလက်ကြီးသမားတွေကို ဦးစားပေးနှိမ်နင်းမယ်ဆိုတဲ့ ကိစ္စကတော့ အစိုးရတရပ်တည်းနဲ့ မပြီးသလို ဒီ ပြဿနာဖြေရှင်းရာမှာ အမျိုးသားရင်ကြားစေ့ရေးနဲ့ ကတ္တား ခြားထားဖို့ လိုတယ်လို့ ထောက်ပြသူက သီပေါအမတ်ဟောင်း ဦးရဲထွန်း ဖြစ်ပါတယ်။ “အမျိုးသားရင်ကြားစေ့ရေးဆိုတဲ့ မူဝါဒကို အကျင့်ပျက်ခြစားမှု အဂတိလိုက်စားမှုနဲ့ မရောထွေးဖို့ပဲ၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်ဖို့တော့ လိုတယ်။ တို့ကတော့ အမျိုးသားရင်ကြားစေ့ရေး ရှိတယ်ဆိုပြီးတော့ ဖြစ်သင့်ဖြစ်ထိုက်တာကို တာဝန်မကျေမှုတွေ နောက်ပြီး အဂတိလိုက်စားမှုတွေကို ရောထွေးပြီး ခွှင့်လွှတ်တာပေါ့။ အဲ့ဒီနှစ်ခုကို ကတ္တား ခြားတတ်ရမယ်၊ ခြားတတ်ရမယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရော ဦးဝင်းမြင့်ကော ဒါကို သဘောပေါက်ဖို့ လိုတယ်။ သူတို့ သဘောပေါက်ထားပြီးရင် ကာချုပ်ကိုလည်း နားလည်အောင် ပြောပြထားရမယ်။” သီပေါအမတ်ဟောင်းကတော့ သမ္မတသစ်နဲ့ အစိုးရအဖွဲ့အနေနဲ့ လုပ်တတ်ကိုင်တတ်ရင် အပြောင်းအလည်းက သိသာလာနိုင်တယ်လို့ အခိုင်အမာ ဆိုပါတယ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မှာ အခြေချနေထိုင်တဲ့ ကျောင်းသားတပ်မတော် ခေါင်းဆောင်ဟောင်း ဦးနိုင်အောင်ကလည်း ဦးဝင်းမြင့်ရဲ့ မိန့်ခွန်းကို ကြိုဆိုတယ်လို့ သူ့ အင်တာနက်စာမျက်နှာမှာ ခုလို ရေးတင်ထားပါတယ်။ “ဒီနေ့ သမ္မတ ဦးဝင်းမြင့်မိန့်ခွန်းကို ကြိုဆိုတယ်။ objective setting လုပ်ပေးသွားတာပဲ။ လာမယ့် ၃ နှစ်လုပ်ပေရော့။ ပြီးခဲ့တဲ့ ၂ နှစ်ကာလအတွင်းမှာ အန်အယ်လ်ဒီအစိုးရ တာဝန်ရှိသူတွေထဲက တိတိကျကျ အပြောနိုင်ဆုံး အစိုးရမိန့်ခွန်းပဲ။ နောက်တခုကြည့်ရတာ အစိုးရနဲ့ ဒေါ်စုနဲ့ အလုပ်ခွဲလိုက်ပုံပဲ။ အစိုးရက စီးပွားရေး၊ လူမှုရေးကိစ္စတွေကိုပဲ ပိုတာဝန်ခံလုပ်မယ့်သဘော။ ငြိမ်းချမ်းရေးဘက်ကလည်း တိကျတဲ့ လုပ်ငန်းစဉ် ဦးတည်ချက်ပေးဖို့ လိုတယ်။ ဘယ်နှစ်မှာဘာရအောင်လုပ်မယ်ပေါ့။” တိတိကျကျအပြောနိုင်ဆုံး အစိုးရမိန့်ခွန်းဆိုတဲ့ သုံးသပ်ချက်က သဘောကျစရာဖြစ်ရတယ်။ နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်းကတော့ သမ္မတမိန့်ခွန်းနားထောင်Nပီး အောက်ခြေကစလို့ ပြုပြင်ပြောင်းလဲရမယ်ဆိုတဲ့ သမ္မတစကားကို သဘောတွေ့နေပါတော့တယ်။ “ကျနော် သဘောကျတာကတော့ ‘ပြုပြင်ပြောင်းလဲရေးကို အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူလူထုနဲ့ နီးစပ်တဲ့ အောက်ခြေက စတင်မှာ ဖြစ်ပါတယ်’ လို့ ဆိုသွားတယ်။ ကျနော်သဘောပေါက်တာကတော့ Refrom from the bottom လို့ သဘောပေါက်ပါတယ်။” - Decentralization ကိုလည်း ပြန်ကြားရတယ်။ "ဗဟိုချုပ်ကိုင်မှု လျှော့ချပြီး" - လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကာကွယ်ဖို့ကိစ္စ မီဒီယာ၊ CSO၊ CBO၊ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပါမယ်လို့ ဆိုသွားတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို အသိအမှတ်ပြုတယ်လို့ ဆိုချင်ပါတယ်။ - သိမ်းဆည်ခံလယ်မြေများ နှင့် အခြားမြေများ ပြန်ပေးဖို့၊ လျော်ကြေးပေးဖို့ ဆိုသွားတယ်။ ဒီတနှစ်အတွင်း မြေပိုင်ဆိုင်ခွင့်လက်မှတ်တွေ ထုတ်ပေး သွားမယ်ဆိုတယ်။ (လက်တွေ့ လွယ်ပါ့မလား တွေးမိတယ်။) - မူးယစ်ဆေးကိစ္စ အလေးထားပြောသွားတာ ကောင်းတယ်။ - "တည်ငြိမ်မှုလည်းရှိစေ၊ အပြောင်းအလဲတွေလည်း ဖြစ်စေ" ဆိုတဲ့ အကောင်အထည်ဖော်မယ့် ဗျူဟာကတော့ စိတ်ဝင်စားတယ်။ စောင့်ကြည့်ချင်သေးတယ်။” သေချာတာတခုက သမ္မတသစ် အပြောနဲ့ အလုပ် ညီ မညီ ပြည်သူလူထုက စောင့်ကြည့်နေကြမှာဖြစ်သလို ပြောသလိုလုပ်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေလည်း အထူးတလည် ရှင်သန်နေကြပေဦးမယ်။ ရွှေအောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024