Home
မြန်မာသတင်း
 ၅၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန်ရောက်နေသော်လည်း ရေးမြို့သင်္ကြန် စည်ကား
DVB
·
April 16, 2018
မွန်ပြည်နယ်၊ ရေးမြို့မှာ ဧပြီလ ၁၄ ရက်နေ့က ၅၄ နှစ်အတွင်း အမြင့်ဆုံးအပူချိန်အဖြစ် ၄၀ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပေမယ့် ဒီနေ့ သင်္ကြန်အတက်နေ့အထိ သင်္ကြန်ရေပက်ကစားသူတွေနဲ့ စည်ကားနေပါတယ်။ ''ဒီနှစ်အပူချိန်က စခန်းစဖွင့်တဲ့နှစ်ပေါင်း ၅၄ နှစ်အတွင်းမှာ အမြင့်ဆုံးအပူချိန်ပါ၊ စံချိန်ဟောင်းကတော့ ၂၀၀၇ က ၃၉.၈ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့တယ်၊ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပါ၊ အခု ၄ လပိုင်း နေ့အပူချိန်က ပျှမ်းမျှထက် ၂ ဒီဂရီစင်တီဂရိတ်ပိုနေပါတယ် '' လို့ ရေးမြို့နယ်မိုးလေ၀သစခန်းမှူး ဦးဆန်းငွေက ဒီဗွီဘီကို ပြောပါတယ်။ သင်္ကြန်အကျနေ့က ၃၉.၂ ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး သင်္ကြန်အကြတ်နေ့မှာတော့ ညအပူချိန်လျော့နည်းခဲ့ပေမယ့် နေ့အပူချိန်အနေနဲ့ ၃၅.၅ ဒီဂရီစင်တီဂရိတ်အထိ ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ''တစ်ခါမှ မခန်းဘူးတဲ့ ရေတွင်းက ခုခန်းနေလို့ ရေကောင်းတဲ့အသိတွေအိမ်မှာ သွားချိုးနေရတယ်၊ မြို့ထဲကရေတွင်းအတော်များများက ရေနည်းနေကြလို့ မျှသုံးနေကြရတယ်၊ လိုအပ်လာရင်တော့ ရေကားဝယ်သုံးရမယ်၊ မရရင်တော့ ရေလှူတဲ့အဖွဲ့တွေဆီကို အကူအညီတောင်းရတော့မှာပေါ့'' လို့ ရန်ကြီးအောင်ရပ်ကွက်နေ ဦးချစ်က ဒီဗွီဘီကို ပြောပါတယ်။ သင်္ကြန်ရက်အတွင်း ရေလိုအပ်ချက်မြင့်မားမှုကြောင့် ရေရှားပါးတဲ့ရပ်ကွက်များအနေနဲ့ ရေမှာယူမှုခက်ခဲလျက်ရှိနေပြီး ရေးအခြေစိုက် ပရဟိတအဖွဲ့များအနေဖြင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ်လာပါက အချိန်နဲ့တပြေးညီ ကူညီပို့ဆောင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့လဲ သိရှိရပါတယ်။ သတင်းနှင့်ဓာတ်ပုံ - ၀င်းနိုင်သက်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024