Email This Story :
စပိန်နိုင်ငံ မြို့တော်မက်ဒရစ်မှာ ထောင်နဲ့ချီတဲ့ ပင်စင်စားတွေဟာ ပိုကောင်းတဲ့ ပင်စင်လစာရရှိဖို့ ဧပြီ ၁၅ ရက်နေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
စပိန်အစိုးရက အခုနှစ်အတွက် ပင်စာလစာခံစားခွင့်ကို ၀.၂၅ ရာခိုင်နှုန်းသာ တိုးမြှင့်ပေးခဲ့တဲ့အတွက် ပင်စင်စားတွေက အခုလို ဆန္ဒပြတောင်းဆိုနေကြတာဖြစ်ပါ တယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ငွေကြေးဖောင်းပွမှုဟာ ၁.၁ ရာခိုင်နှုန်းရှိခဲ့တဲ့အတွက် ပင်စင်အတွက် တိုးမြှင့်ပေးတဲ့ရာခိုင်နှုန်းဟာ ငွေကြေးဖောင်းပွမှုနှုန်းထက် လျော့ နည်းနေပါတယ်။
“ဒီနေ့မှာ လူတွေဟာ ဆုံးရှုံးသွားတဲ့ ကိုယ့်ရဲ့ အခွင့်အရေးတွေကို ပြန်ပြီးတောင်းဆိုသင့်ပါတယ်။ ကျနော်တို့ရဲ့ အခွင့်အရေးတွေဟာ အခိုးခံလိုက်ရတာပါ။ အာဏာရှင် ဖရန်ကို ရှင်သန်နေတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ သားမြေးတွေက ကြီးစိုးနေဆဲဖြစ်လို့ပါ။ ကျနော်တို့ရထားတဲ့ ဒီမိုကရေဆိုတာ သာမန်ပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုက်နာတဲ့ ဒီမိုကရေစီတော့ မဟုတ်ပါဘူး။ နိုင်ငံရေးသမားတွေက ဘယ်အချိန်မှာ လူထုကို အလေးထားမှာလဲ။ လူထုကို အလေးထားခဲ့ဖူးလို့လား။ အလေးမထားခဲ့ပါဘူး” လို့ အသက် ၈၅ နှစ်အရွယ် ပင်စင်စားတဦးက ပြောပါတယ်။
စပိန်အစိုးရရဲ့ ၂၀၁၈ ခုနှစ်အတွက် ဘက်ဂျက်အသုံးစရိတ်မူကြမ်းမှာ စပိန်တော်ဝင်မိသားစုရဲ့ အသုံးစရိတ်ကို ၀.၇၇ ရာခိုင်နှုန်းတိုးမြှင့်ထားပေမယ့် ပင်စာလစာကို ၀.၂၅ ရာခိုင်နှုန်းသာ တိုးမြှင့်ပေးထားတဲ့အပေါ် ပင်စင်စားတွေက မကျေမနပ်ဖြစ်နေကြပါတယ်။