Home
မြန်မာသတင်း
မုံရွာသင်္ကြန် ထိခိုက်ဒဏ်ရာရသူ ယခင်နှစ်ထက် တိုးလာ၊ သေဆုံးသူ ၄ ဦးရှိပြီ
DVB
·
April 15, 2018
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အတာသင်္ကြန်ကာလအတွင်း ထိခိုက်ဒဏ်ရာ မတော်တဆဖြစ်ပွားမှု မနှစ်ကထက် ပိုမိုများပြားတယ်လို့ မုံရွာကုတင် ၅၀၀ ဆံ့ ဆေးရုံကြီး အရေးပေါ်နဲ့ ပြင်ပလူနာ ဌာနမှာ အချိန်ပြည့် ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုကူညီရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ သင်္ကြန်အကြိုနေ့က လူနာ ၈၅ ယောက်၊ အကျနေ့က ၈၈ ယောက်နဲ့ ဒီနေ့ အကြတ်နေ့ ၁၁ နာရီအချိန်ထိ ၁၃ ယောက်ရှိနေပြီး ဒီစုစုပေါင်းပမာဏက အရင်နှစ်တွေထက်စာရင် များတယ်လို့ ဆိုပါတယ်။ ကရုဏာမြင့်မိုရ် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမြင့်သန်းက "မနှစ်ကစာရင်းအရက အဲလောက်ထိ မရှိဘူး။ အခုဟာက လူတွေသောက်စား မူးယစ်ရမ်းကားလေးတွေ နည်းနည်းများလာတာလည်း ပါတာပေါ့။ ကျနော်တို့ စာရင်းကတော့ အက်ဆီးဒန့်ဖြစ်တာတွေ၊ ခိုက်ရန်ဖြစ်ပွားတာတွေ တင်မက အပူကြောင့်ဖြစ်တာ၊ ပုံမှန်နာဖျား ပို့ရတာတွေလည်း ပါတာပေါ့။ အခုပို့ပြီးသလောက်ထဲမှာတော့ အက်ဆီးဒန့်ကများတယ်။ ဆယ်ကျော်သက်အရွယ်တွေက ပိုများတယ်" လို့ ဒီဗွီဘီကိုပြောပါတယ်။ မုံရွာဆေးရုံကြီး ပြင်ပလူနာနဲ့ အရေးပေါ်ဌာနက ဆေးစာဌာနမှတ်တမ်းတွေအရလည်း သင်္ကြန် ၃ ရက်တာကာလအတွင်း သေဆုံးသူ ၄ ယောက်နဲ့ တခြားထိခိုက်ဒဏ်ရာကြောင့် ဆေးကုသမှု ခံယူရသူပေါင်း ၁၁၁ ယောက်ရှိပြီလို့ သိရပါတယ်။ တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တယောက်ကလည်း “အကြိုနေ့က ၄၃ ယောက်၊ အကျနေ့က ၆၂ ယောက်၊ ဒီနေ့က ၆ ယောက်ရှိပြီ။ အဲဒီထဲက အက်ဆီးဒန့်ကြောင့် သေဆုံးတာက ၃ ယောက်၊ ရေနစ်သေတာက ၁ ယောက်၊ ပေါင်း သေတဲ့သူ ၄ ယောက်ရှိပြီ"လို့ ပြောပါတယ်။ ပြီးတော့ ဒီနှစ်မှာ မတော်တဆနဲ့ ခိုက်ရန်ဖြစ်ပွားလို့ ဆေးရုံပို့ရသူတွေဟာလည်း အများအားဖြင့် မနှစ်ကထက် ဒဏ်ရာပိုပြင်းကြတယ်လို့ ပြောပါတယ်။ ချင်းတွင်းသင်္ကြန်မှာလည်း ရေနစ်သေဆုံးသူတွေရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု ရေနစ်သေတာတွေက သတ်မှတ်ဧရိယာမှာ ရေချိုးတာတွေမဟုတ်ဘဲ သတ်မှတ်နေရာ မဟုတ်တာတွေမှာ ချိုးတာတွေကနေ ဖြစ်တာလို့ ဆိုပါတယ်။ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး အချိန်ပြည့်စောင့်ကြည့် တာတွေလုပ်ပေးနေပေမယ့် လူများတာ၊ အရက်သေစာသောက်စားထားတာတွေကြောင့် ထိန်းသိမ်းရတာမှာ အခက်အခဲတွေ ရှိတယ်လို့လည်း သိရပါတယ်။ အောင်ကိုလတ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024