Home
မြန်မာသတင်း
ချင်းတွင်းသင်္ကြန်ကြောင့် သင်္ကြန်အရသာ ပျက်စီးဟု မုံရွာမြို့ခံအချို့ ပြော
DVB
·
April 14, 2018
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်ပြုလုပ်တဲ့ ချင်းတွင်းသင်္ကြန်ဟာ ပွဲတခုနဲ့ပဲ တူနေပြီး သင်္ကြန်အရသာပျက်တယ်လို့ မုံရွာဒေသခံတချို့က ပြောပါတယ်။ ချင်းတွင်းသင်္ကြန်ကို မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်မှာ တပတ်ကြာ ကျင်းပနေပြီး သင်္ကြန်ကို ပွဲတခုလို့ စုပြီးလုပ်လိုက်တဲ့အတွက် မြို့ပေါ်မှာလည်း ခြောက်ကပ်နေပါတယ်။ ဒီအပေါ်မှာ မြို့ခံလူငယ် တချို့က အားမလိုအားမရဖြစ်နေတာပါ။ ကိုကျော်ညွန့်က "သင်္ကြန်က သင်္ကြန်နဲ့မတူဘူး။ ပွဲတခုလိုဖြစ်နေတယ်။ ပြောရရင် သင်္ကြန်အရသာ ပျက်သွားတယ်လို့ ပြောချင်တယ်။ ဒါက ကျနော့် အမြင်ပါ။ မြို့ထဲမှာတော့ ခြောက်ကပ်နေတယ်။ ရေပက်မယ့်သူတောင် မရှိသလောက်ဖြစ်နေတာ။ သင်္ကြန်ဆိုတာ နေရာတိုင်းမှာ ကလေး၊ လူကြီးအရွယ်စုံ လမ်းတလျှောက် ရေပက်တာနဲ့ ပျော်စရာလို ဖြစ်နေရမယ်လို့ မြင်တယ်"လို့ သူ့အမြင်ကိုပြောပါတယ်။ မြို့ထဲမှာတော့ မဏ္ဍပ်အနေနဲ့ ပညာရေးမဏ္ဍပ်၊ ဆောက်လုပ်ရေးမဏ္ဍပ်၊ ပြည်ထဲရေးမဏ္ဍပ်၊ ဇက်ဆိပ်လမ်းမီးပွိုင့်မဏ္ဍပ်၊ ဂျိုးဖြူရေကစားမဏ္ဍပ် စတဲ့မဏ္ဍပ်တွေလောက်ပဲရှိပြီး မနှစ်ကထက် လျော့နည်းခဲ့ပါတယ်။ သင်္ကြရေကစားထွက်တဲ့ မုံရွာမြို့ခံ မဇင်မာကလည်း "အခုလျှောက်လည်တယ်။ အက်ႌေရေတာင္မစိုဘူး။ မြို့ထဲမှာပေါ့နော်။ ချင်းတွင်းသင်္ကြန်မှာကျတော့လည်း တိုးမပေါက်ဘူး။ ပျော်စရာတော့ကောင်းတယ်။ ဒါပေမယ့် သီးသန့်ကြီးသွားရတော့ သိပ်မသွားချင်ဘူး။ ဆိုင်ကယ်ထားစရာ ခက်တာကတမျိုး၊ အပေါ်ပူ၊ အောက်ပူနဲ့ လူတောထဲ တိုးရတာကတမျိုး ဆိုတော့လေ။ ဖရီးရှိုး သွားရသလိုပဲ"လို့ ပြောပါတယ်။ ဒီနှစ်မှာ စတုဒီသာကျွေးမွေးတဲ့ အစီအစဉ်ကိုလည်း ချင်းတွင်းသင်္ကြန်မှာ စုစည်းထားပါတယ်။ "အရင်ကတော့ စတုဒီသာကျွေးတဲ့သူတွေ အတော်ပေါတယ်။ ဒီနှစ်တော့ ချင်းတွင်းသင်္ကြန်မှာ သွားကျွေးလို့လား မသိဘူး။ မြို့ထဲမှာ အတော်ကို နည်းသွားတယ်။ သောင်ပြင်သွားရတာ လမ်းတွေကလည်း ပိတ်ထားတော့ အခက်အခဲတွေရှိတယ်" လို့ ကိုဘိုဘိုက ပြောပါတယ်။ ချင်းတွင်းသင်္ကြန်ကို ကား၊ ဆိုင်ကယ် အဝင်အထွက်တွေ ပိတ်ထားပြီး လမ်းလျှောက်ဝင်ရတာဖြစ်ပါတယ်။ ဆိုင်ကယ်၊ ကားတွေအပ်နှံဖို့ လူမှုရေးအသင်းအဖွဲ့တွေကို လုပ်ကိုင်ခွင့်ပြုခဲ့ပြီး အဖွဲ့ ၆ ဖွဲ့က လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် လူငှားခနဲ့ ရတာမကိုက်လို့ အရှုံးရှိတဲ့အတွက် တချို့အဖွဲ့တွေက ဆက်မလုပ်တော့တာတွေလည်းရှိနေပါတယ်။ ကမ်းနားတာရိုးဘေးအိမ်တွေက သူ့နည်းသူ့ဟန်နဲ့ လက်ခံနေတာတွေလည်းရှိတဲ့အတွက် အခက်အခဲတွေ ရှိတယ်လို့ ဆိုင်ကယ်၊ ကားအပ်လက်ခံတဲ့ စစ်ကိုင်းတိုင်း တောင်သူလယ်သမား သမဂ္ဂများအဖွဲ့ဝင်တယောက်က ပြောပါတယ်။ ဝေဖန်မှုတွေရှိနေတဲ့ ချင်းတွင်းသင်္ကြန်ဟာ မနေ့ကတော့ လေတိုက်လို့ ပျက်စီးတာ တချို့ ရှိခဲ့ပေမယ့် လာရောက်လည်ပတ်သူ သောင်းဂဏန်းရှိပြီး စည်ကားနေပါတယ်။ အောင်ကိုလတ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024