Home
မြန်မာသတင်း
လေပြင်းကြောင့် ဆည်တည်းရွာတွင် နေအိမ်တချို့ ပျက်စီး၊ အကူအညီလိုအပ်နေ
DVB
·
April 14, 2018
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသမှာ ရှိတဲ့ ပြည်ထဲရေးရဲ့ ရွာစာရင်းက ဖယ်ရှားခံထားရတဲ့ ဆည်တည်းရွာဟောင်းမှာ ဧပြီ ၁၃ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ မိုးသက်လေပြင်းကြောင့် နေအိမ် ၂၀ ကျော် ပျက်စီးပြီး သစ်ပင်ကြီးတွေ လဲပြိုခဲ့ပါတယ်။ ဆည်တည်းရွာဟောင်းသူ မရီဝင်းက "ပျက်စီးတာတော့ အားလုံး ၂၁ အိမ်၊ အမိုးတွေ လွင့်ထွက်ကုန်တာ။ သစ်ပင်က ၃၀ ကျော် အမြစ်က လဲပြိုတာရော၊ ကိုင်းတွေကျိုးကျတာရော။ ဒီမနက်တော့ စုရှင်းနေကြတယ်။ လောလောဆယ်မှာတော့ အမိုးအတွက်က အခက်အခဲ ဖြစ်နေတယ်။ သင်္ကြန်တွင်းဆိုတော့ ဆိုင်တွေက ပိတ်ထားလို့ ဝယ်လည်းမရဘူး။ နောက်ထပ် မိုးလေသာ ကျရင်တော့ အကုန်ဒုက္ခရောက်မှာ။ ပြည်ထဲရေးစာရင်းက ဖယ်ထားတဲ့ရွာဆိုပြီး ဌာနဆိုင်ရာတွေကလည်း အကူအညီပေးတာ ဘာမှမရှိဘူး။ လောလောဆယ်တော့ အမိုးအခက်အခဲပါပဲ။ ကျန်တာတော့ သူ့ဟာသူ လည်ပတ်လို့ရတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။ မိုးသက်လေပြင်းတိုက်ခတ်ချိန်က နာရီဝက်ကျော်ကြာခဲ့ပြီး လက်ပံတောင်းတောင်ဒေသမှာတော့ ဆည်တည်းရွာဟောင်းတရွာပဲ လေဘေးဒဏ်ခံခဲ့ရတာဖြစ်ပါတယ်။ အရင်က လိပ်ခွံတောင်မှာ သစ်ပင်တွေရှိလို့ လေဘေးဒဏ်မခံစားခဲ့ရဘဲ ကြေးနီစီမံကိန်းအတွက် တောင်ဖြို တောရှင်းလုပ်လိုက်တဲ့အတွက် လေက အခုမှ ရွာကို တိုက်ရိုက်ကျလာတာလို့ ဒေသခံတွေက ပြောပါတယ်။ အောင်ကိုလတ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024