Home
မြန်မာသတင်း
ရခိုင်သင်္ကြန်တွင် လုံခြုံရေးရဲအင်အား ၃၀၀၀ ခန့် တိုးမြှင့်ချထား
DVB
·
April 14, 2018
ဒီနှစ်​ ရခိုင်​သင်္ကြန်​ ရခိုင်​ပြည်​နယ်​ ၁၇ မြို့နယ်​လုံးကို ပြဿနာ​တွေ တစုံတရာမဖြစ်​ရ​အောင်​ ရဲတပ်​ဖွဲ့အင်​အား ၃၀၀၀ ဝန်းကျင်​နဲ့ လမ်းဆုံးလမ်းခွတွေ ဗဟိုမဏ္ဍပ်တွေမှာ တာဝန်​ယူ​ဆောင်​ရွက်​နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။ “ရခိုင်ပြည်နယ်၊ စစ်တွေမြို့အပါအဝင် မြို့ ၁၇ မြို့နယ်မှာ မဏ္ဍပ်အကြီး အသေး ၄၅ ခုရှိပါတယ်။ အဲ့ဒီမှာ ကျနော်တို့ လမ်းကြောင်းလုံခြုံရေး၊ မဏ္ဍပ်လုံခြုံရေးစတဲ့ ရဲအင်အား ၃၀၀၀ နီးပါးနဲ့ ဆောင်ရွက် နေပါတယ်။ စစ်တွေမြို့မှာဆိုရင်တော့ ဗဟိုမဏ္ဍပ်ကြီး၊ နောက်ပြီး မိဇံမဏ္ဍပ်၊ လမ်းဆုံလမ်းခွတွေမှာ အရေးပေါ်မြို့လုံခြုံရေးအတွက် လုပ်ထားပါတယ်။ သံတွဲမြို့မှာ ဆိုရင်လည်း ဗဟိုမဏ္ဍပ် အပါအဝင် အားလုံး လုံခြုံရေး ယူထားပါတယ်” လို့ဒီဗွီဘီကို​ပြောပါတယ်​။ စစ်​​တွေအပါအဝင်​ မြို့နယ်​​တွေက နာမည်​ကြီးမဏ္ဍပ်တွေရဲ့ အဝင်​အထွက်​​တွေကို စစ်​​ဆေးတာ၊ မိုင်းရှာဖွေတာ​တွေ လုပ်​​နေတယ်​လို့လည်း ရဲမှူးကြီးက ဆက်ပြောပါတယ်။ “ကျနော်တို့ မိုင်းတွေ ဘာတွေရှာဖွေတာတွေရှိတယ်။ ဗဟိုမဏ္ဍပ် အဝင်အထွက်တွေမှာလည်း ရှာဖွေရေး အဖွဲ့တွေရှိပါတယ်ခင်ဗျ၊ အရက်သေစာ၊ အရက်ပုလင်းတွေ၊ အရက်ဗူးတွေ၊ စိစစ်ပါတယ်။ နောက်ပြီး ချွန်ထက်တဲ့ ဓားတို့၊ လောက်လေးခွတို့၊ ချွန်ထက်တဲ့အရာတွေ၊ လူအန္တရာယ်ဖြစ်မယ့်အရာတွေအားလုံး လိုအပ်သလိုသိမ်းဆည်းပါတယ်” သင်္ကြန်​လည်​​ဒေသခံ​တွေက​တော့ ရဲတပ်​ဖွဲ့ဝင်​​တွေအ​နေနဲ့လည်း ဥပ​ဒေအတိုင်း​ ဆောင်​ရွက်​ဖို့ လိုတယ်​လို့ ​စစ်​​တွေ​ဒေသခံ ​အောင်​ကျာ်​ဇံက​ပြောပါတယ်​။ “လုံခြုံရေးဆောင်ရွက်တာတော့ ကောင်းပါတယ်။ မဖြစ်သင့်တာတွေ မဖြစ်ရင်အောင်ပေါ့။ ဒါပေမယ့် မလိုအပ်ဘဲ ဖမ်းဆီးခေါ်ဆောင်သွားတာ​တော့ မဖြစ်​သင့်​ဘူး။ သင်္ကြန်​မှာလူ​တွေက တနှစ်​တာ ပင်ပန်းသမျှ အကုန်​​ပျော်​ကြတယ်​။ ရဲတပ်​ဖွဲ့ဝင်​​တွေက ဥပ​ဒေအတိုင်း​ ဆောင်​ရွက်​ဖို့လိုတယ်​။ အ​ကြောက်​တရား​တွေ လွှမ်းလာ​အောင်​ မလုပ်​​ဆောင်​သင့်​ဘူး။ ဒါ​လေးတခု​တော့ ​ပြောချင်​တယ်​” လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်၊ မြို့ကျေးလက်ဒေသတွေပါမကျန် နေရာအနှံ့အပြားမှာ ရခိုင်ရိုးရာဓလေ့တခု ဖြစ်တဲ့ သင်္ကြန်မတိုင်ခင် နံ့သာသွေးပြိုင်ပွဲပြုလုပ်တာတွေ၊ ဘုရားကျောင်းကန်သွားရောက်ပြီး ဘုရားရေသပ္ပာယ်တာတွေကို မ​နေ့ကနဲ့ ဒီက​နေ့မှာ ပြုလုပ်​ခဲ့ကြပါတယ်​။ သတင်း-ဓာတ်ပုံ- ဝဏ္ဏခွာညို  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024