တနိုင်ငံလုံးက လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်လုပ်ပေးနေပြီ
ရွှေအောင်
·
June 7, 2012
မြန်မာတနိုင်ငံလုံးမှာရှိတဲ့ လိုင်စင်မဲ့ ဆိုင်ကယ်တွေ အားလုံးကို ဇွန် ၅ ရက်ကစပြီး တရားဝင်လိုင်စင် လုပ်ပေးနေပြီလို့ သိရပါတယ်။
ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) က ဆိုင်ကယ် လိုင်စင်ကြေး ကျပ်၂ သောင်း ၂ ထောင် ကောက်ယူမှာဖြစ်ပြီး၊ အကောက်ခွန်နဲ့ ကုန်သွယ်ခွန်ကိုတော့ ဘဏ္ဍာအခွန်ဌာန ကို ပေးဆောင်ရမှာဖြစ်ပါတယ်။
ဆိုင်ကယ်အမျိုးအစားနဲ့ မော်ဒယ်ပေါ် မူတည်ပြီး ဘဏ္ဍာအခွန် က ကောက်ယူမှာဖြစ်တဲ့ အတွက် ဆိုင်ကယ် ၁ စီး ဘယ်လောက် ကုန်ကျမယ် ဆိုတာ အတိအကျ မပြောနိုင်သေးဘူး လို့ နေပြည်တော် ကညန ဒု-ညွှန်ချုပ် ဦးအောင်သွင်က ပြောပါတယ်။
ဆိုင်ကယ် လိုင်စင်တွေ လုပ်ပေးနေတာနဲ့ ပတ်သက်ပြီး ဦးအောင်သွင်က “ဥပဒေနဲ့အညီ ဖြစ်အောင်ပါ အားလုံး။ နောက်ပြီးတော့ ဥပဒေမဲ့ သွားလာနေတဲ့ဟာတွေ အားလုံး မဖြစ်အောင်လို့ လုပ်ပေးတဲ့ သဘော။ ပြည်သူတွေအားလုံး သူတို့ စီးနှင်နေတဲ့ မော်တော် ဆိုင်ကယ်တွေ နဲ့ ပတ်သက်ပြီးတော့ စည်းကမ်းတကျ ဖြစ်အောင်ပေါ့နော်။ ကျနော်တို့ ကောက်တဲ့ နှုန်းတွေက လည်း မြောက်များစွာ မဟုတ်ဘဲ သက်သာတဲ့ နှုန်းတွေနဲ့ ကောက်ပြီးတော့ လုပ်တာမို့လို့ အားလုံး ကျနော်တို့ လုပ်ပေးတဲ့ စီမံချက်လေးမှာ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။”
အရင်က လိုင်စင်မဲ့ ဆိုင်ကယ်တွေကို ဒဏ်ကြေးပေးဆောင်စေပြီး လိုင်စင်လုပ်ပေးခဲ့ပေမယ့် ဒဏ်ကြေးက ကျပ် သိန်းချီပေးကြရတာပါ။
အခုလို လိုင်စင်ကြေး သက်သက်သာသာနဲ့ လိုင်စင်လုပ်ပေးတာကို မန္တလေးက သတင်းစာဆရာ အယ်ဒီတာ ဆရာကျော်ရင်မြင့်က ကြိုဆိုလိုက်ပါတယ်။
“ဈေးသက်သက်သာသာနဲ့ စီးနိုင်ခွင့်ရသွားတာကတော့ ကျနော်က သဘောကျပါတယ်၊ ကြိုဆိုပါတယ်။ ဒါပေမယ့် ဆိုင်ကယ်ကြောင့်မို့လို့ လူသေမှုတွေက နေ့စဉ်နဲ့အမျှကို အများကြီး ဖြစ်နေပြီဗျ။ အဲဒီတော့ ဒီကိစ္စအပေါ်မှာတော့ နည်းနည်း စည်းကမ်းရော၊ ထိန်းသိမ်းမှုရော လုပ်သင့်တယ်လို့ ထင်တယ်လေ။ နယ်စပ် လမ်းကြောင်းကနေပြီးတော့ တရားမဝင်တွေ သွင်းပြီးတော့ စီးပွားရှာနေတာတွေကို လည်း ကြပ်ကြပ်မတ်မတ် လုပ်သင့်ပါတယ်။”
မြန်မာတနိုင်ငံလုံးမှာ ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းထိ ကောက်ယူရရှိတဲ့ စာရင်းတွေအရ လိုင်စင်မဲ့ ဆိုင်ကယ်စီးရေ ပေါင်း၂ သိန်းလောက် ရှိပါတယ်။