သင်္ကြန်တွင် စက်သုံးဆီဈေးနှုန်း မြှင့်တင် ရောင်းချခြင်းမပြုလုပ်ရန် အစိုးရ ထုတ်ပြန်
DVB
·
April 13, 2018
သင်္ကြန်နှစ်သစ်ကူးကာလအတွင်း ပြည်တွင်းဖြန့်ဖြူးနေတဲ့ စက်သုံးဆီဈေးနှုန်းများ မြှင့်တင် ရောင်းချခြင်း လုံးဝမပြုလုပ်ရန် အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဧပြီ ၁၂ ရက်က နေပြည်တော်ရှိ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တဲ့ စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်နေမှုနဲ့ ပတ်သက်တဲ့ ညှိနှိုင်းဆွေးနွေးပွဲမှာ ဆွေးနွေး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
အစည်းအဝေးမှာ သင်္ကြန်နှစ်သစ်ကူးကာလအတွင်း ပြည်တွင်းဖြန့်ဖြူးနေတဲ့ စက်သုံးဆီဈေးနှုန်းများ မြှင့်တင် ရောင်းချခြင်း လုံးဝမပြုလုပ်ဖို့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်ဝယ်ရှိ စက်သုံးဆီများထဲကနေ ဓာတ်ဆီဂါလန် သုံးသန်းကို ဈေးကွက်အတွင်းသို့ ဖြည့်ဆည်းရောင်းချပေးဖို့၊ စက်သုံးဆီ ဈေးနှုန်း ကာလလတ်နဲ့ ကာလရှည် ဆောင်ရွက်သွားမယ့် အစီအမံများ အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ အစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူးပေါင်းပြီး စဉ်ဆက်မပြတ် ညှိနှိုင်းဆွေးနွေး အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်သုံးဆီများကို အရည်အသွေးနဲ့ ဈေးနှုန်းမှန်ကန်စွာသုံးစွဲနိုင်ရေးဟာ အထူးအရေးကြီးပါတယ်။
နိုင်ငံတကာဈေးနှုန်းအပေါ် အခြေခံပြီး ပြည်တွင်းဈေးနှုန်းများ ပြောင်းလဲမှာ ဖြစ်ပေမယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြောင်းလဲမှုမျိုးဖြစ်စေဖို့နဲ့ ဈေးနှုန်း တည်ငြိမ်စေဖို့ အစိုးရပိုင်းက ဆောင်ရွက်ရမယ့် နည်းလမ်းများကို ဆွေးနွေးခဲ့တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။