ထိုင်းနိုင်ငံတောင်ပိုင်း ချွန်းဖွန်း နှင့် ရနောင်းခရိုင် ရေကြီးနေ
DVB
·
June 6, 2012
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၃ ရက်ဆက်တိုက် မိုးရွာခဲ့တဲ့အတွက် မြန်မာ အလုပ်သမားတွေ အများအပြား အလုပ် လုပ်ကိုင်နေတဲ့ ချွန်းဖွန်းနဲ့ ရနောင်းခရိုင်မှာ ရေတွေကြီးပြီး မြေပြိုကျတာတွေ ရှိနေတယ် လို့ ထိုင်း သတင်းတွေမှာ ဖော်ပြပါတယ်။
အထူးသဖြင့် ချွန်းဖွန်းခရိုင်ကနေ ရနောင်းကိုသွားတဲ့ လမ်းပေါ်က မိုင်တိုင်အမှတ် ၄၀၀၆ လမ်းအပိုင်းမှာ ရေတွေဆက်တိုက် စီးဝင်နေတဲ့ အတွက် ယာဉ်အသွားအလာ ပိတ်ဆို့နေပြီး အဲဒီဒေသမှာ နေထိုင် တဲ့ ပြည်သူတွေ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့ ချွန်းဖွန်း ခရိုင်ဝန်က သတိ ပေးကြေညာ ထားပါတယ်။
ချွန်းဖွန်းကနေ ရနောင်းကိုသွားမယ့် ကရပူရိမြို့နယ်ထဲက ဖစ်ကဆိမ် အမှတ် ၄ ကားလမ်းအပိုင်းမှာ လည်း မြေပြိုကျမှုတွေ ရှိတဲ့အတွက် ကားလမ်းပိတ်ဆို့နေကြောင်း၊ ယာဉ်အသွားအလာလုပ်နိုင်ဖို့ တာဝန်ရှိသူတွေက မြေတွေ ဖယ်ရှားပစ်နေတာ နောက်ထပ် နာရီပေါင်းများစွာ ကြာမြင့်ဦးမှာ ဖြစ်ကြောင်း၊ ချွန်းဖွန်းခရိုင် လမ်ဆုန်မြို့နယ်ထဲက တူးမြောင်းမှာ ရေတွေမြင့်တက်နေပြီး ဒီနေ့ ညနေ ၆ နာရီမှာ ရေတွေလျှံကျလာမယ့် အခြေအနေရှိကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ ချွန်းဖွန်းနဲ့ ရနောင်းခရိုင်ထဲမှာ မြန်မာနိုင်ငံက အလုပ်သမားတွေ ၁ သိန်းကျော် ၀င်ရောက်နေထိုင်ပြီး ရာဘာခြံလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေကို အများဆုံး လုပ်ကိုင်နေတယ်လို့ အလုပ် သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။