Home
ဆောင်းပါး
ရန်ကုန်သင်္ကြန်က စီးပွားဖြစ်သင်္ကြန်လား
DVB
·
April 12, 2018
နှစ်ကူးပြောင်းတော့မယ့် ကာလနဲ့အတူ သင်္ကြန်အချိန်အခါကို ရောက်ရှိလို့ လာပြန်ပါပြီ။ သင်္ကြန်ရက်တွေနား နီးလာတဲ့ ဒီလိုအချိန်ဆိုရင် မဏ္ဍပ်တွေ အပြိုင်အဆိုင် ဆောက်ကြရင်းနဲ့ ရန်ကုန်သင်္ကြန်ရဲ့ အကြိုနေ့ရက်တွေက လှုပ်လှုပ်ရှားရှား များလှပါတယ်။ မဏ္ဍပ်ထိုင်ခွင့် လက်မှတ်နှုန်းထားတွေ၊ ဖျော်ဖြေရေးနဲ့ အခြားဝန်ဆောင်မှု အစီအစဉ်တွေ ပါတဲ့ လက်ကမ်းကြော်ငြာတွေနဲ့ ကိုယ့်မဏ္ဍပ် စည်ကားရေးကို ပြင်ဆင်နေကြတဲ့အချိန်လည်း ဖြစ်ပါတယ်။ သင်္ကြန်မဏ္ဍပ်တွေကလည်း ရန်ကုန်မှာ များပြားပါတယ်။ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် ပါမစ်တွေကလည်း ဈေးကြီးမြင့်ပြီး ပါမစ်ရသူတွေက  ပြန်လည်ရောင်းစားတာမျိုးကလည်း ထုံးစံတခုလို့ ဖြစ်ခဲ့ပါတယ်။ မဏ္ဍပ်ပါမစ်နဲ့ ကြော်ငြာတွေ အပြိုင်အဆိုင် အရင်အစိုးရလက်ထက်မှာ စီးပွားဖြစ် သင်္ကြန်မဏ္ဍပ်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ခွင့်ပြုချထားပေးပါတယ်။ အဲဒီမဏ္ဍပ် ခွင့်ပြုချက်ရဖို့အတွက် နှစ်စဉ် မဏ္ဍပ်လုပ်နေကြသူတွေနဲ့ ပါမစ်လိုက်တာမှာ အဆင်ပြေတဲ့သူတွေက ရတတ်ကြပါတယ်။ ခွင့်ပြုပါမစ်အရေအတွက်ဟာ နေရာအကန့်အသတ်နဲ့ ချပေးပြီး ပါမစ်ကို ပြန်ဝယ်ရတဲ့သူတွေဟာ နှစ်အလိုက် ပေါက်ဈေးတွေနဲ့ ပြန်ဝယ်ကြရတာမျိုးတွေပါ။ ဆောက်လုပ်ခွင့် ပါမစ်တခုရဲ့ တန်ဖိုးဟာ မဏ္ဍပ်နေရာကောင်းရင် ကောင်းသလို ဈေးမြင့်လေ့ရှိပြီး ပါမစ်တခုကို သိန်း ၂၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ အရင်နှစ်တွေတုန်းကတော့ သင်္ကြန်မဏ္ဍပ်ဈေးကွက်မှာ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမ္ဘာအေးဘုရားလမ်းတွေဟာ ဈေးကွက်အရကောင်းတဲ့ နေရာတွေလို့လည်း ပြောလို့ရပါတယ်။ ဒါပေမယ့် ပါမစ်ကြေးတွေ ကြီးမြင့်လာမှုနဲ့ မဏ္ဍပ်ဆောက်တဲ့အခါ ကုန်ကျတဲ့ ကုန်ကျစရိတ်တွေကျေဖို့ ဆောက်လုပ်သူတွေဟာ ကြော်ငြာတွေ ရှာကြရပါတယ်။ မဏ္ဍပ်မှာ ရေကစားပြီးရင် နားလို့ရအောင်ဆိုပြီး ဝန်ဆောင်မှုအနေနဲ့ အခန်းတွေ ထည့်ဆောက်လာကြသလို VIP လက်မှတ်တွေပါ  ပါလာတာပါ။ ဒ့ါအပြင် မဏ္ဍပ်တွေနဲ့တွဲပြီး စားသောက်ဆိုင်တွေ အရက်၊ ဘီယာ ရောင်းချတဲ့ ဆိုင်တွေကိုပါတွဲပြီး ဖွင့်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ မဏ္ဍပ်တွေဟာ စီးပွားဖြစ် ပိုဆန်လာကြသလို လက်မှတ်နှုန်းထားတွေဟာလည်း ပိုမိုမြင့်လာပြီး စီးပွားဖြစ် ပိုဆန်လာပါတယ်။ ပိတ်ပင်ခဲ့တဲ့ စီးပွားဖြစ် မဏ္ဍပ်တွေ ပြန်ဖွင့်ပြီ အရင်အစိုးရ လက်ထက်ကတော့ စီးပွားဖြစ်မဏ္ဍပ်တွေ နှစ်စဉ်ခွင့်ပြုခဲ့ပြီး ရန်ကုန်သင်္ကြန်ဟာ စည်ကားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ သင်္ကြန်မဏ္ဍပ်အကြီး၊ အလတ်၊ အသေးစား အရေအတွက် စုစုပေါင်း ၁၃၀ အထိ ခွင့်ပြုပါမစ်ပေးခဲ့တာ တွေ့ရပါတယ်။ အစိုးရသစ်တက်လာပြီး နောက်ပိုင်းမှာတော့ ရန်ကုန်မှာ စီးပွားဖြစ်သင်္ကြန်မဏ္ဍပ် ခွင့်ပြုမိန့်တွေကို ပိတ်ပင်ခဲ့ပါတယ်။ ဒါကြောင့် မဏ္ဍပ်အရေအတွက်တွေ လျော့ကျသွားပြီး စည်ကားမှုလည်း နည်းသွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ မဏ္ဍပ်အရေအတွက် ၆၀ သာ ခွင့်ပြုခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် ဒီနှစ် ၂၀၁၈ ခုနှစ်မှာတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီးပွားဖြစ်သင်္ကြန်မဏ္ဍပ်တွေ ပြန်လည်ခွင့်ပြုတော့မှာဖြစ်ပြီး မဏ္ဍပ်ပါမစ် စုစုပေါင်း ၉၅ ခုကို ခွင့်ပြုပေးမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ပါမစ်လျှောက်ထားတဲ့ အရေအတွက်က လတ်တလောမှာ ၃၀ ကျော်ပဲ ရှိသေးတယ်လို့လည်း သိရပါတယ်။ မဏ္ဍပ်ခွင့်ပြုမယ့် နေရာတွေကိုတော့ ဟိုအရင်နှစ်တွေက စည်ကားလေ့ရှိတဲ့ ကန်တော်ကြီးပတ်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းမတွေမှာ မပေးဘဲ အခြားနေရာတွေကိုပဲ ပေးထားတယ်လို့ သိရပါတယ်။ မဏ္ဍပ်ဆောက်လုပ်ဖို့ နေရာတွေအတွက် မြေနေရာ ငှားရမ်းခတွေက အချို့နေရာတွေမှာ ဈေးအမြောက်အမြားရှိနေပြီး ပြည်လမ်းလိုနေရာမျိုးမှာ ငှားရမ်းခတွေဟာ သိန်းထောင်ချီရှိနေတယ်လို့ မဏ္ဍပ်လုပ်မယ့် ဦးဆောင်သူတွေက မီဒီယာတွေမှာ ပြောထားကြပါတယ်။ သိန်းထောင်ချီဆိုတာ အချို့ ကွန်ဒိုအမျိုးအစားတွေတောင် ဝယ်ရနိုင်တဲ့ ငွေပမာဏမျိုးပါ။  ဖျော်ဖြေရေးတွေ အပါအဝင် အခြားဝန်ဆောင်မှုတွေနဲ့သာဆိုရင် အချို့သင်္ကြန်မဏ္ဍပ်တွေရဲ့ ငွေလည်ပတ်မှုက သိန်းပေါင်း မြောက်မြားစွာပါပဲ။ ပေါ်ပင်စီးပွားဆန် တက်တဲ့ ကားလက်မှတ်နှုန်းများ သင်္ကြန်တွင်းဆိုရင် နှစ်စဉ်ဖြစ်နေတာ၊ နှစ်စဉ်ကြားနေရတဲ့ ပြဿနာတခုက  အဝေးပြေးကားလက်မှတ်တွေ ဈေးနှုန်းကြီးမြင့်သွားတတ်တာနဲ့ ခရီးထွက်ကြသူ၊ အိမ်ပြန်ကြသူတွေ ကားလက်မှတ်အခက်အခဲ ရှိကြတာတွေပါ။ ဒီလိုအချိန်တွေမှာဆိုရင် ကားဂိတ်တွေဟာ ပုံမှန်ပြေးဆွဲနေကျ ယာဉ်တွေအပြင် နောက်ထပ် ယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲပေးကြတယ် ဆိုပေမယ့် ခရီးသည်တွေအတွက်ကတော့ လက်မှတ်မရခြင်း၊ ကားလက်မှတ် ဈေးပိုပေးရခြင်းတွေ နှစ်စဉ် ဖြစ်မြဲပါ။ တရားမဝင် ကြားကားတွေ ဝင်ရောက် ပြေးဆွဲမှုတွေလည်း ရှိသလို ဂိတ်ပိုင်မရှိဘဲ ကားလက်မှတ်တွေ ရောင်းချတာမျိုးတွေလည်း ရှိပါတယ်။ ဒီနှစ်မှာတော့ ကြားကားတွေ ဝင်ရောက်ပြေးဆွဲတာ၊ တရားမဝင် ကားလက်မှတ်တွေ ရောင်းချတာတွေကို မဖြစ်ပေါ်စေဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က စစ်ဆေးကြပ်မတ် ဆောင်ရွက်နေတယ်လို့ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ရန်ကုန်သင်္ကြန်ဟာ ဒီနှစ်မှာ စီးပွားဖြစ်မဏ္ဍပ်တွေ ပြန်ခွင့်ပြုလို့ စည်ကားလာဦးမှာပါ။ သင်္ကြန်အတွက် မဏ္ဍပ်မြေနေရာ ငှားခတွေ၊ ပါမစ်ခွင့်ပြုချက်ရဖို့ လုပ်ရတာတွေ၊ ကြော်ငြာအပြိုင်အဆိုင် ရှာကြရတာတွေ၊ ဖျော်ဖြေရေးနှုန်းထားတွေ၊ မဏ္ဍပ်တွေနဲ့ ချိတ်ဆက်ပြီး အခြားဝန်ဆောင်မှု ဈေးကွက်အမျိုးမျိုး ယူကြမှာတွေ၊ သင်္ကြန်တွင်း အစားအသောက်နဲ့ အရက် ဘီယာဈေးကွက် အရှိန်တက်မှုတွေနဲ့ ရန်ကုန်ရဲ့ သင်္ကြန်တွင်း ငွေလည်ပတ်မှု ပမာဏက မြင့်သွားဦးမှာတော့ အသေအချာပါပဲ။ သစ်နေမိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024